ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ကြီးမားသော စုံစမ်းစစ်ဆေးမှုအတွင်း ဒတ်ချ်ရဲတပ်ဖွဲ့က နေရာပေါင်း ၁၂ ခုကို ဝင်ရောက်စီးနင်း

ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ကြီးမားသော စုံစမ်းစစ်ဆေးမှုအတွင်း ဒတ်ချ်ရဲတပ်ဖွဲ့က နေရာပေါင်း ၁၂ ခုကို ဝင်ရောက်စီးနင်း
Published 9 September 2016
Ref: AFP

လိမ်လည်မှု တိုက်ဖျက်ရေး ဒတ်ချ်ရဲတပ်ဖွဲ့သည် စက်တင်ဘာ ၈ ရက်တွင် ဗလီနှစ်ခု အပါအဝင် နယ်သာလန်နိုင်ငံတစ်လွှားရှိ နေရာပေါင်း ၁၂ ခုကို ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ မသင်္ကာမှုနှင့် အမေရိကန်က အမည်မည်းစာရင်းသွင်းထားသည့် ရန်ပုံငွေအဖွဲ့တစ်ခုနှင့် ဆက်နွှယ်မှုတို့အတွက် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါနေရာ ၁၂ ခုစလုံးသည် ၎င်း၏ ပညာရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ရန်ပုံငွေအဖွဲ့များမှတစ်ဆင့် ယူရိုငွေ သိန်းပေါင်းများစွာကို ခဝါချမှုအတွက် သင်္ကာမကင်း ဖြစ်ခံရသော အမည်မဖော်ပြသည့် အဖွဲ့အစည်းတစ်ရပ်နှင့် ဆက်နွှယ်နေသော နေရာများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားထားသည်။ဘဏ္ဍာရေးအချက်အလက်နှင့် စုံစမ်းစစ်ဆေးရေးဌာန (FIOD) နှင့် ဝင်ရောက်စီးနင်းမှုကို ဦးဆောင်ခဲ့သည့် တရားစွဲဆိုရေးအဖွဲ့တို့က သက်ဆိုင်ရာ အဖွဲ့အစည်းအမည်နှင့် ပါဝင်သည့်ငွေကြေးပမာဏ အတိအကျတို့ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။သို့သော် ၎င်းတို့က အဓိက မသင်္ကာသူများထဲတွင် ဖခင်ဖြစ်သူတစ်ဦးနှင့် သူ၏သား နှစ်ဦး ပါဝင်ပြီး သူတို့သုံးဦးသည် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည့် ဖောင်ဒေးရှင်းသုံးခု အပါအဝင် ဖောင်ဒေးရှင်းပေါင်း ၁၀ ခု၌ စီ မံခန့်ခွဲမှုဆိုင်ရာ ရာထူးများ ရယူထားကြသည်ဟုဆိုသည်။ယင်းဖောင်ဒေးရှင်း သုံးခုအနက် တစ်ခုသည် ဒုက္ခသည်များနှင့် အိမ်ခြေရာခြေမဲ့များကို ကူညီနေသည့် ဖောင်ဒေးရှင်းဖြစ်ပြီး အခြားနှစ်ခုမှာ ပညာရေးနှင့် ပတ်သက်နေသည်။ ဖောင်ဒေးရှင်းများအနက် တစ်ခုသည် အမေရိကန်၏ ပိတ်ဆို့မှုစာရင်း၌ ပါဝင်နေသည့် အရှေ့အလယ်ပိုင်းဒေသ ရန်ပုံငွေ အဖွဲ့အစည်းတစ်ရပ်ထံမှ ယူရိုငွေပေါင်းများစွာကို လွှဲပြောင်းရယူခဲ့သည်ဟု ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသော်လည်း အမေရိကန်၏ ပိတ်ဆို့မှုစာရင်း၌ ပါဝင်နေသည်ဆိုသည့် အဖွဲ့အစည်းအမည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။၎င်းအပြင် ငွေကြေးပမာဏများစွာကို ဆော်ဒီအာရေဗျအပြင် ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် ယူကရိန်းတို့မှနေ၍လည်း  နယ်သာလန်သို့ ရွှေ့ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းငွေများထဲမှအချို့ကို နောက်ပိုင်းတွင် ပြည်ပသို့ ထပ်မံ ရွှေ့ပြောင်းခဲ့သည်ဟု FIOD က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။   

Most Read

Most Recent