မြောက်ကိုရီးယားက နျူထိပ်ဖူးစမ်းသပ်မှု အောင်မြင်ကြောင်း ကြေညာ

မြောက်ကိုရီးယားက နျူထိပ်ဖူးစမ်းသပ်မှု အောင်မြင်ကြောင်း ကြေညာ
Published 9 September 2016
Ref: AFP

မြောက်ကိုရီးယားက နျူကလီးယား ထိပ်ဖူးတစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်တင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး တောင်ကိုရီးယားက ကိုယ်ကိုယ်တိုင် ပျက်သုဉ်းခြင်းကို ဦးတည်စေနိုင်သော ကင်ဂျုံအွန်၏ ရူးနှမ်းသည့် မဆင်မခြင် လုပ်ရပ်တစ်ခုဟု ခေါ်ဆိုခဲ့သည်။ ယခုစမ်းသပ်မှုကြောင့် ဒုံးကျည်၌ တပ်ဆင်နိုင်ရန် နျူကလီးယားထိပ်ဖူးကို အောင်မြင်စွာ အသေးချုံ့ရေး ရည်မှန်းချက်မှာ ပြည့်သွားပြီဟုဖြစ်သည်ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂက ပြစ်တင်ခဲ့သော ပဲ့ထိန်း ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ယခု နျူစမ်းသပ်မှုကြီးကို ပြုလုပ်ခဲ့သည်။“ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ နျူကလီးယား စမ်းသပ်ရေးစခန်းမှာ နျူကလီးယား ထိပ်ဖူးအသစ်တစ်ခုကို ကျွန်မတို့နျူကလီးယား သိပ္ပံပညာရှင်တွေက ဖောက်ခွဲစမ်းသပ် ခဲ့ပါတယ်။  နျူကလီးယား ထိပ်ဖူးတစ်ခုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့ ကျွန်မတို့ ရဲ့နျူကလီးယား သိပ္ပံပညာရှင်တွေကို ကျွန်မတို့ပါတီက ဂုဏ်ပြုခဲ့ပါတယ်”  ဟု မြောက်ကိုရီးယား ရုပ်သံသတင်းကြေညာသူက ပြောကြားခဲ့သည်။အဆိုပါနျူကလီးယား စမ်းသပ်မှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အပြစ်တင်ခဲ့ပြီး ပြင်းထန်သည့် နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည် သတိပေးခဲ့သည်။ ယခုပြဿနာနှင့်ပတ်သက်၍ ဆွေးနွေးကြရန်လည်း အိုဘားမားက တောင်ကိုရီးယားနှင့် ဂျပန်တို့ကို ဆော်သြခဲ့သည်။ “ကင်ဂျုံအွန်အစိုးရဟာ ပိတ်ဆို့မှုတွေ၊ အထီးကျန်ဆန်မှုတွေနဲ့ပဲ ပိုရင်ဆိုင်လာရလိမ့်မယ်။ ဒီလို ရန်စတဲ့လုပ်ရပ်တွေဟာ ကိုယ့်အတွက် ပျက်စီးရာပျက်စီးကြောင်းပဲ ပို ဖြစ်စေမှာဖြစ်တယ်” ဟု တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးကဆိုပြီး အရေးယူမှုများအားလုံးကို အသုံးပြုပြီး မြောက်ကိုရီးယားအပေါ် ဖိအားများ ပိုမိုပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ ပန်ဂျီရီ နျူကလီးယား စမ်းသပ်ရေးစခန်းအနီးတွင် စက်တင်ဘာ ၉ ရက် အစောပိုင်းက သဘာဝအတိုင်းမဟုတ်သည့် ပြင်းအား ၅ ဒသမ ၃ အဆင့် ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းကို ငလျင်စောင့်ကြည့်သူများက သိရှိခဲ့ပြီးနောက် မြောက်ကိုရီးယား၏ နျူ စမ်းသပ်မှု သတင်း ထွက်ပေါ်လာခဲ့သည်။“ ယခုနျူဖောက်ခွဲစမ်းသပ်မှုဟာ ၁၀ ကီလိုတန် အားရှိပါတယ်။ ဒါဟာမြောက်ကိုရီးယားရဲ့ စတုတ္ထမြောက်နျူစမ်းသပ်မှုရဲ့ ပြင်းအားနှစ်ဆရှိပြီး ၁၅ ကီလိုတန်ရှိတဲ့ ဟီရိုရှီးမားဗုံးခွဲမှုထက် နည်းနည်းပဲ အားပျော့ပါတယ်”  ဟု တောင်ကိုရီးယား မိုးလေဝသ အေဂျင်စီမှ ကင်နမ်ဝုက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး အသေးချုံ့နိုင်ပြီး ပစ်နိုင်သည့် အကွာအဝေးနှင့် တိကျမှုကို ပိုမိုမြှင့်တင်နိုင်ပါက အမေရိကန် ပစ်မှတ်များကိုပစ်ခတ်ရန် ၎င်း၏ရည်မှန်းချက်မှာ ပြည့်မီသွားလောက်ဖွယ်ရှိသည်။ လက်ရှိတွင်မူ သိပ္ပံပညာရှင်များက မြောက်ကိုရီးယား၏ ယခုစမ်းသပ်မှုမှာ မည်မျှအတိုင်းအတာအထိ အောင်မြင်သွားသည်ကို သိရှိရန် ကြိုးပမ်းနေကြသည်။ဂျပန်က မြောက်ကိုရီးယား၏ ယခုစမ်းသပ်မှုသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြစ်တင်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ စည်းမျဉ်းမြောက်မြားစွာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။တရုတ်ကလည်း မြောက်ကိုရီးယား၏ နောက်ဆုံးနျူစမ်းသပ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့သည်။  မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်သည့် တရုတ်သည် မြောက်ကိုရီးယား၏ ရန်လိုသော အပြုအမူများကို ထိန်းချုပ်ပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရစဉ် မြောက်ကိုရီးယားက ယခုကဲ့သို့ နျူစမ်းသပ်မှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့သဖြင့် တရုတ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။ယခုနျူစမ်းသပ်မှု မပြုလုပ်မီ တစ်ရက်အလိုဖြစ်သည့် စက်တင်ဘာ ၈ ရက်တွင် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က ပန်ဂျီရီနျူစမ်းသပ်ရေး စခန်းတွင် လှုပ်ရှားမှုအသစ်များ ရှိသည်ဟု သတိပေးခဲ့သေးသည်။

Most Read

Most Recent