ခြစားသည့် နိုင်ငံရေးသမားများကို အကျဉ်းထောင်ပို့နေသော ဖိလစ်ပိုင်၏ ခြစားမှု နှိမ်နင်းရေးခေါင်းဆောင်

ခြစားသည့် နိုင်ငံရေးသမားများကို အကျဉ်းထောင်ပို့နေသော ဖိလစ်ပိုင်၏ ခြစားမှု နှိမ်နင်းရေးခေါင်းဆောင်
Published 4 September 2016

ဖိလစ်ပိုင်နိုင်ငံကို ခြစားမှုကင်း စင်ရေးအတွက် ကြိုးပမ်းနေပြီး နိုင်ငံရေးသမားများကို တရားစွဲဆိုနေသော ခြစားမှုတိုက်ဖျက်ရေး တာဝန်ခံ ကွန်ချီတာကာပီယိုမိုရာလက်စ်သည် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရယ်ပွဲဖွဲ့ခဲ့သူဖြစ်သည်။ ၂၀၁၂ ခုနှစ်က သူ၏ အိမ်ဘေးတွင် ဗုံးဖြင့် ခြိမ်းခြောက်မှုကို တွေ့ရှိခဲ့ပြီးနောက် မိုရာလက်စ်သည် နေအိမ် ခြံစည်းရိုး ပို၍မြင့်မြင့်ကာမည့် အစီအစဉ်ကို လက်မခံချင်ဘဲ သဘောတူခဲ့ရကြောင်း သူက ပြန်ပြောင်း ပြောပြခဲ့သည်။
“ကျွန်မ မကြောက်ပါဘူး” ဟု အသက် ၇၅ နှစ်အရွယ် မိုရာလက်စ်က သူ၏ရုံးခန်းတွင် ပြောကြားခဲ့ သည်။ သူက စုံစမ်းစစ်ဆေး ခဲ့သူများသည် သူ့အား အထိတ်တလန့်ဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မိုရာလက်စ်က ဆိုသည်။ ဖိလစ်ပိုင်ကဲ့သို့ ခြစားမှုထူပြောသည့် နိုင်ငံမျိုးတွင် ခြစားမှုတိုက်ဖျက်ရေးသည် အန္တရာယ်ကြီးသော အလုပ်ဖြစ်သည်။ တရားသူကြီးများ ပစ်သတ်ခံရ၍ ခြစားမှုဖြင့် အပြစ်ရှိသော နိုင်ငံရေးသမားများ လွတ်မြောက်ကာ ပြန်လည်ရွေးချယ်ခံရသည့် နေရာမျိုးဖြစ်သည်။
ဖိလစ်ပိုင်၏ နာမည်ဆိုးထွက်သော ခြစားနေသည့် တရားစီရင်ရေး နယ်ပယ်တွင် ဆယ်စုနှစ်လေးစုခန့် လုပ်ကိုင်ခဲ့ပြီးနောက် မိုရာလက်စ်သည် အငြိမ်းစားယူရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သမ္မတဟောင်း ဘီနစ်နိုအကွီနိုက ခြစားမှုတိုက်ဖျက်ရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အကျင့်ပျက် တာဝန်ရှိသူများကို အရေးယူအပြစ်ပေးရန် ဖွဲ့စည်းထားသည့် အထူးအဖွဲ့အား ဦးဆောင်ရန်အတွက် မိုရာလက်စ်ကို တောင်းဆို တာဝန်ပေးခဲ့သည်။
ဖိလစ်ပိုင်တွင် ဖြေရှင်းရအခက်ခဲဆုံး ပြဿနာတစ်ခုအား ဦးဆောင်ဖြေရှင်းရာတွင် မိုရာလက်စ်၏ ကိုယ်ကျင့်သတ္တိနှင့် တရားမျှတမှုကို မမှိတ်မသုန် ယုံကြည်မှုက အာရှနိုဗယ်ဆုဖြစ်သော ရာမွန်မက်ဆေးဆေးဆုအား ရရှိစေခဲ့သည်။
ရိုးသားသော ရှေ့နေမိသားစုမှ မွေးဖွားလာသူ မိုရာလက်စ်သည် ခြစားမှု ကင်းစင်သောကြောင့် ဖြည်းဖြည်းမှန်မှန်နှင့် အဆင့်ဆင့် မြင့်တက်လာခဲ့ပြီး တရားရုံးချုပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် သမ္မတကျမ်းသစ္စာ ကျိန်ဆိုမှုကို ဦးဆောင်ရသော ပထမဆုံး အမျိုးသမီး တရားသူကြီး ဖြစ်လာခဲ့သည်။
တစ်ရက်လျှင် ၁၂ နာရီနှင့် တစ်ပတ်ခြောက်ရက်အထိ ခြစားမှု တိုက်ဖျက်ရေးဥက္ကဋ္ဌ တာဝန်ကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသော မိုရာလက်စ်သည် တနင်္ဂနွေနေ့များကို မြေးများအတွက် အချိန်ပေးထားသည်။ သူ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ခြစားမှုတိုက်ဖျက်ရေးရုံး၏ ဆောင်ရွက်ချက်များ မြင့်တက်လာကာ ၂၀၁၁ ခုနှစ်က စတင်တာဝန်ယူခဲ့ပြီးနောက် ခြစားမှုဖြင့် အရေးယူရန် အောင်မြင်စွာ ဆောင်ရွက်နိုင်မှုသည် ၄၁ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။
သမ္မတဟောင်း အကွီနိုလက်ထက်တွင် တိုးတက်မှုများ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်တွင် ခြစားမှု နှိမ်နင်းရေးသည် ခက်ခဲသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း မိုရာလက်စ်က ပြောကြားခဲ့သည်။ ခြစားသူများက အရေးယူ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုကြောင့် ခြစားမှုက ရှင်သန်နေခြင်းဖြစ်ကြောင်း သူက ထပ်မံပြောကြားခဲ့သည်။
“ကျွန်မတို့က အစိုးရထိပ်တန်း တာဝန်ရှိသူတွေကို တရားစွဲခဲ့ပါတယ်” ဟု မိုရာလက်စ်က ပြောကြားခဲ့သည်။ “အထွတ်အမြတ်ဖြစ်နေသောနွားများ” ကို အရေးယူခဲ့မှုက ခြစားသူများပို၍ သတိထားကြရန် အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း မိုရာလက်စ်က ပြောကြားခဲ့သည်။
သမ္မတဟောင်း ဂလိုရီရာအာ ရိုယိုနှင့် သြဇာကြီးသော အထက် လွှတ်တော်အမတ်ဟောင်း ဟွမ်ပွန်စီအင်ရေးတို့ကို တရားရုံးချုပ်က လွှတ်ပေးခဲ့ချိန်တွင် စိတ်အပျက်ဆုံး ဖြစ်ခဲ့ရကြောင်း မိုရာလက်စ်က ပြော ကြားခဲ့သည်။ အာရိုယိုနှင့် အင်ရေး တို့သည် ကျန်းမာရေးမကောင်း ဟုဆိုကာ အစိုးရဆေးရုံများတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပြီး  ထိုကဲ့သို့ အကြောင်းပြမှုသည် သရုပ်ဆောင်မှုသာဖြစ်ကြောင်း မိုရာလက်စ်က ပြောကြားခဲ့သည်။
“ပြန်လည်းလွတ်လာရော ထောင်ထောင် ထောင်ထောင် ဖြစ်နေပါရော” ဟု မိုရာလက်စ်က ပြောကြားခဲ့သည်။
မိုရာလက်စ်၏ ဆောင်ရွက်ချက်များကြောင့် ရန်သူများလည်း ပေါလာခဲ့ပြီး ဒုသမ္မတဟောင်း ဟဲယိုမာဘီနေးက မိုရာလက်စ်ကို “အသုံးမကျသူ” ဟု ခေါ်ဝေါ်ခဲ့သည်။ ဘီနေးသည် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ခြစားခဲ့မှုများအတွက် မိုရာလက်စ်က တရားစွဲဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံရေးတွင် သူကောင်းပြုသည့် ယဉ်ကျေးမှုက ထိပ်တန်းခေါင်းဆောင်များ အနေဖြင့် တာဝန်ခံမှုကို ခေါင်းရှောင်ရန် ခွင့်ပြုနေကြောင်း မိုရာလက်စ်က ပြောကြားခဲ့သည်။
“သူတို့က သူတို့ကို သူတို့ ရော်ဘင်ဟုဒ်လို့ ပြုမူနေကြတယ်” ဟု မိုရာလက်စ်က ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ခြစားမှုတိုက်ဖျက်ရေး ဥက္ကဋ္ဌအဖြစ်မှ အနားယူမည့် မိုရာလက်စ်က သမ္မတသစ် ရိုဒရီဂို ဒူတာတေး လက်ထက်တွင် တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့က ဘယ်သူ့ဆီက အမိန့်ကိုမှ မယူပါဘူး။ ကျွန်မတို့ဟာ သီးခြားဖြစ်ပြီး အမှီအခို လွတ်ကင်းပါတယ်” ဟု မိုရာလက်စ်က ဆိုခဲ့သည်။                                          
Ref : AFP

Most Read

Most Recent