ရောဂါဘယနှင့် ဆင်းရဲဒုက္ခများကို ပျောက်ကင်းစေရန် ဝိညာဉ်များကို ပင့်ဖိတ်ကုသပေးနေသော ဗီယက်နမ် နတ်ဆရာများ

ရောဂါဘယနှင့် ဆင်းရဲဒုက္ခများကို ပျောက်ကင်းစေရန် ဝိညာဉ်များကို ပင့်ဖိတ်ကုသပေးနေသော ဗီယက်နမ် နတ်ဆရာများ
Published 4 September 2016

လန်ဒေါင်ခေါ် ဗီယက်နမ် နတ်အကသည် ကာလရှည်ကြာစွာ ကျန်းမာရေးမကောင်းခြင်း၊ ဝိညာဉ်ပူးကပ်ခြင်း၊ မိသားစု ပြဿနာများကြောင့် စိတ်ဖိစီးခြင်း အစရှိသော ဒုက္ခများအတွက် ကုသနည်းတစ်ခုဟု ယုံကြည်သူများက မှတ်ယူနေကြသည်။        
ရှေးဟောင်းဓလေ့ တစ်ခုဖြစ်သည့် ထိုနတ်အကကို ကိုလိုနီပြင်သစ်နှင့် ဗီယက်နမ် အာဏာပိုင်တို့က ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် အာဏာပိုင်များက ကန့်သတ်မှုများ လျှော့ပေးလိုက်ချိန်တွင် ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်၌ လန်ဒေါင်နတ်အကများ တစ်ကျော့ပြန် ခေတ်စားလာခဲ့သည်။
နတ်ကသူများက မကောင်းသော ဝိညာဉ်များကို တေးဂီတဖြင့် မျှားခေါ်ကာ ဖယ်ရှားနိုင်သည်ဟု ကတိပေးနေကြသည်။ ထို့ပြင် ယင်းအကဖြင့် သေလွန်ပြီးသူများက အသက်ရှင်နေသူများထံ အမှာစကားများကို ပေးပို့နိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
“ကနေတဲ့အချိန်မှာဆိုရင် ကျွန်မကိုယ်ထဲကို တစ်ယောက်ယောက်က ဝင်လာသလိုပါပဲ။ ပြောသမျှစကားတွေ၊ လှုပ်ရှားတာတွေ အားလုံးက ကျွန်မ မဟုတ်တော့ပါဘူး” ဟု ကျွမ်းကျင်သော နတ်ကသူ တစ်ဦးဖြစ်သည့် လာသီတမ်က ပြောကြားခဲ့သည်။ ၎င်း၏နတ်ပွဲ တစ်ပွဲလျှင် နာရီနှင့်ချီ ကြာမြင့် ကြောင်းသိရသည်။ ထိုနတ်ပွဲများ၌ ပိုးလိုက်ကာရှည်ကြီးများ တပ်ဆင်ကာ နတ်ကသူသည် တေးဂီတနှင့် အတူလိုက်ကပြီး လက်ထဲတွင် ကိုင်ထားသည့် ဓားရှည်ဖြင့်လည်း မမြင်ရသည့် ရန်သူများကို တိုက်ခိုက်ပုံများလည်း ပြုလုပ်သည်။ ရံဖန်ရံခါ ဆိုသလို နတ်ကသူသည် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း များလည်းရှိကြောင်း သိရသည်။
ကျေးလက် အဆိုတော်တစ်ဦး ဖြစ်ခဲ့သော အသက် ၅၀ အရွယ် လာသီတမ်က သူအိပ်ပျော်နေစဉ် ရှေးခေတ်ဘုရင်တစ်ပါး၏ ဝိညာဉ်ကို မြင်တွေ့ခဲ့ရသည့် လွန်ခဲ့သော ၁၅ နှစ်ကတည်းက လန်ဒေါင်နတ် အကကို စကခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့မြင်တွေ့ပြီးနောက် လာသီတမ်သည် မည်သည့် အစားအစာကိုမှ မစားနိုင်ဘဲ တစ်လခန့် နေမကောင်း ဖြစ်နေခဲ့ပြီး အိမ်ထဲ၌ တွားသွားကာ ပါးစပ်မှလည်း ထူးဆန်းသည့် စကားများ ပြောခဲ့သည်ဟု သိရသည်။ မည်သည့်ကုထုံးနှင့်မှ မပျောက်သောကြောင့် နောက်ဆုံးတွင် လန်ဒေါင်အကနှင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ရဲဝန်ထမ်းများသည် ခင်ပွန်းဖြစ်သူနှင့် ထိပ်တိုက်မတွေ့ရန် ရှောင်ခဲ့သည်ဟု သိရသည်။
“သိပ္ပံပညာဟာ ထူးကဲသလို ကျွန်မရဲ့ လန်ဒေါင်သဘောတရားဟာလည်း ပြောင်မြောက်ပါတယ်။ ဒီကိစ္စဟာ ရှင်းပြလို့မရသလို စိတ်ကူးယဉ်ကြည့်လို့လည်း မရပါဘူး” ဟု လာသီတမ်က ယုံကြည်သူများနှင့် ပြည့်နှက်နေသော ၎င်း၏ ဘုရားကျောင်းငယ်လေး အတွင်းမှနေ၍ ပြောကြားခဲ့သည်။
လန်ဒေါင်နတ်ပွဲ၏ သမိုင်းနှင့် တန်ဖိုးဟု အမည်ရသည့်ငုယင်ငေါ့ မိုင်ရေးသားသော သုတေသနစာ အုပ်ထဲတွင် ရှေးဟောင်းဗီယက်နမ် ရိုးရာဓလေ့တစ်ခုဖြစ်သည့် လန်ဒေါင်အကသည် ၁၃ ရာစုကတည်း က စခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကအတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်ရန် သေပြီး သူခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကိုအသက် ရှင်နေသူ၏ ခန္ဓာထဲသို့ ခေါ်ကြခြင်း ဖြစ်သည်။
ကွန်မြူနစ်အာဏာပိုင်များက  လန်ဒေါင်နတ်အကသည် အယူသီးခြင်းတစ်ခုဖြစ်ပြီး အချို့သော နတ်ကသူများ၏ လူသိများ ထင်ရှားစေရန်၊ ချမ်းသာလာစေရန် ပြုလုပ်သည့် အလိမ်အညာများ ဖြစ်သည်ဟု ဆိုကာ ၁၉၈၀ ပြည့်လွန်နှစ်များအထိ ပိတ်ပင်ခဲ့သည်။ သို့သော်လည်း ပိတ်ပင်ထားသည့် ကာလအတွင်း နတ်ပွဲများမှာ လျှို့ဝှက်ပြုလုပ် နေကြဆဲဖြစ်သည်။
“ကျွန်မ ကလေးသုံးယောက် လုံးလန်ဒေါင်ကပါတယ်” ဟု နတ်ကသူ နောက်တစ်ဦးဖြစ်သည့် ဒေါင်သီဟောင်က ဆိုသည်။ ၎င်းတို့၏ ဘိုးဘေးများသည် စောစီးစွာ သေဆုံးခဲ့ကြသဖြင့် ထိုကံဆိုးမှုအား ကလေးများက ဆက်လက် အမွေဆက်ခံမည်ကို စိုးရွံ့နေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်မ အရမ်းကြောက်နေ ခဲ့ပါတယ်။ ကလေးတွေ နတ်မကရင် သူတို့သေလိမ့်မယ်” ဟု အသက်  ၄၆ နှစ်အရွယ် ဒေါင်က ဆိုသည်။
မိုင်၏ စာအုပ်ထဲ၌ လန်ဒေါင်အကသည် စိတ်ဖိစီးမှုများနေသူများ၊ မပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများကို ကူညီပေးနိုင်သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ထိုနတ်အကသည် အငြင်းပွားစရာ ဖြစ်နေဆဲဖြစ်ကာ အများက သိပ္ပံပညာရှုထောင့်မှ ကြည့်၍ သံသယ ဖြစ်နေကြသည်။ သိပ္ပံနည်း ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ လန်ဒေါင်ယုံကြည်သူများမှာမူ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။
“နားမလည်တဲ့ သူတွေကတော့ ကျွန်တော့်ကို အရူးလို့ ပြောနိုင်ပါတယ်” ဟု ဝါသနာရှင်အဆင့် နတ်ကသူ ငုယင်သန်တန်က ရှင်းပြခဲ့သည်။
Ref : AFP

Most Read

Most Recent