တရုတ်မှ ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းပြင် တံတားကြီးကို ပြန်ပိတ်

တရုတ်မှ ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းပြင် တံတားကြီးကို ပြန်ပိတ်
Published 3 September 2016

စတင် ဖွင့်လှစ်ခဲ့မှုမှာ သီတင်းပတ် နှစ်ပတ်ပင် မပြည့်သေးသည့် တရုတ်နိုင်ငံမှ ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းပြင် တံတားကြီးကို ပြန်ပိတ်လိုက်သည်ဟု သိရသည်။
နက်ရှိုင်းသော ချောက်ကြီးပေါ်တွင် ဖြတ်၍ ဆောက်လုပ်ထားသော ဂင်းနစ်မှတ်တမ်းဝင် ထိုတံတားကြီးသည် တစ်နေ့လျှင် ၈၀၀၀ ထက်မပိုသော ခရီးသွား ဦးရေကိုသာ လက်ခံရန် စီစဉ်ထားသော်လည်း ဖွင့်လှစ်ပြီး နောက်တစ်နေ့လျှင် လာရောက်သည့် ခရီးသွား ဦးရေမှာ ၁၀၀၀၀ ကျော်ရှိကြောင်း ပြည်တွင်း မီဒီယာများ၌ ဖော်ပြခဲ့သည်။
တံတားကြီး၏ အတွင်းပိုင်း စနစ်ကို အဆင့်မြှင့်နေသည်ဟု သက်ဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာတွင် စက်တင်ဘာ ၂ ရက်၌ ဖော်ပြခဲ့သည်။ သို့သော် ပြန်ဖွင့်မည့် အချိန် မပါဝင်ခဲ့ပေ။ ပိတ်ထားစဉ်အတွင်း လာရောက်သည့် ခရီးသွားများနှင့် ပတ်သက်၍ ထိန်းချုပ်ရန် ဆော့ဖ်ဝဲနှင့် ဟက်ဝဲပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဟု တံတားနှင့် ပတ်သက်၍ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တံတားပိတ်ကြောင်း ကြေညာချက်နှင့် အတူ တံတားကြီးထံသို့ လာရောက်ရန် ကြိုတင်စာရင်းပေးထားသော ခရီးသွား အများအပြားအား အဆင်မပြေမှုများအတွက် တံတားကို ဦးစီးနေသည့် ကုမ္ပဏီက လူမှုမီဒီယာပေါ်တွင် တောင်းပန်ခဲ့သည်။ “မင်းတို့တွေ ခရီးသည်တွေကို ညာတာပဲ။ ငါက အခု ရထားပေါ်မှာ ရောက်နေပြီ။ ခရီးသွား အစီအစဉ်တွေလည်း ပြောင်းလို့ မရတော့သလို ပြန်အမ်းငွေလည်း မရတော့ဘူး။ မင်းတို့တစ်တွေ တစ်ကမ္ဘာလုံးကို စိတ်ပျက်စေခဲ့တာပဲ။ အခုတော့ မင်းတို့ရဲ့ ကမ္ဘာနံပါတ်တစ် အလိမ်အညာကြီးကို တွေ့လိုက်ရပြီ” ဟု ဒေါသထွက်နေသူ တစ်ဦးက မှတ်ချက်ရေးသားခဲ့ကြောင်း သိရသည်။
၄၃၀ မီတာ (၁၄၀၀ ပေ) ရှည်လျားပြီး မြေပြင်ပေါ်မှ မီတာ ၃၀၀ အကွာတွင် ရှိနေသော ထိုတံတားကြီးသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျာကျယ် ဥယျာဉ်ထဲရှိ တောင်ထိပ်နှစ်လုံးကို ဆက်သွယ်ဆောက်လုပ်ထားသည်။ ထိုနေရာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး နာမည်ကျော်ရုပ်ရှင် Avatar အတွက် စိတ်ကူးရခဲ့သည့် နေရာဟုလည်း သိရသည်။
၂၀၁၅ ခုနှစ်က ဟီနန်မြောက်ပိုင်းရှိ ယွင်တိုင်တောင်၌ ဆောက်လုပ်ထားသော မှန်တံတား တစ်ခုတွင် ကွဲအက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျန်းကျာကျယ်ဥယျာဉ် အာဏာပိုင်များက ၎င်းတို့ တံတားကြီး၏ လုံခြုံစိတ်ချရမှုကို သက်သေပြရန် စိတ်အား ထက်သန်ခဲ့ကြသည်။ ၎င်းတို့သည် မီဒီယာများကို ဖိတ်၍ မှန်တံတားကြမ်းပြင်ကို တူဖြင့် ထုပြခြင်း၊ ကားဖြင့် ဖြတ်မောင်းပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ သို့သော် မည်သို့ပင် ဖြစ်စေ တံတားသို့ လာရောက်သည့် ခရီးသွားများမှာ ဒေါက်မြင့်ဖိနပ်များ စီးခွင့် မရှိပေ။
Ref: AFP

Most Read

Most Recent