အိန္ဒိယက ဗီယက်နမ်ကို ကာကွယ်ရေး အသုံးစရိတ် ချေးငွေ ဒေါ်လာ သန်း ၅၀၀ ပေးမည်

အိန္ဒိယက ဗီယက်နမ်ကို ကာကွယ်ရေး အသုံးစရိတ် ချေးငွေ ဒေါ်လာ သန်း ၅၀၀ ပေးမည်
Published 3 September 2016

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အင်အား ပြသမှုကို တန်ပြန်ရန် ကြိုးပမ်းနေသော ဗီယက်နမ်ကို ကာကွယ်ရေးအသုံးစရိတ် ချေးငွေ ဒေါ်လာ သန်း ၅၀၀ ပေးမည် ဖြစ်ကြောင်း အိန္ဒိယက စက်တင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ မဟာဗျူဟာမြောက် အရေးပါသော တောင်တရုတ်ပင်လယ် ရေလမ်းကြောင်းတွင် ပေကျင်းနှင့် နယ်မြေပိုင်နက် အငြင်းပွားချိန်၌ စစ်တပ်ခေတ်မီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းနေသော ဗီယက်နမ်သို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက အလည်အပတ် ရောက်ရှိခဲ့ပြီး ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နည်းပညာဆိုင်ရာ သဘောတူညီချက်၊ ဆိုက်ဘာလုံခြုံရေး သဘောတူညီချက်နှင့် ကျန်းမာရေး သဘောတူညီချက်များ အပါအဝင် သဘောတူညီချက် အမြောက်အမြားကို ဗီယက်နမ်နှင့် အိန္ဒိယတို့ လက်မှတ် ရေးထိုးခဲ့ကြပြီး ချေးငွေ သဘောတူညီချက်နှင့် ပတ်သက်၍ အသေးစိတ်ကို မိုဒီက မပြောကြားခဲ့ပေ။
သို့သော်လည်း အစဉ်အလာအားဖြင့် ယင်းကဲ့သို့ ချေးငွေများသည် အိန္ဒိယ ကုမ္ပဏီများနှင့် သဘောတူညီချက်များ ဆောင်ရွက်ရန် ဗီယက်နမ်က ဆောင်ရွက်ရမည့် ဝတ္တရား ရှိသည်။ အိန္ဒိယ၏ ကုန်သွယ်မှု ရာခိုင်နှုန်း ၅၀ ခန့်သည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်စီးဆင်းနေပြီး တရုတ်က အငြင်းပွား ကျွန်းများ၌ နယ်မြေများ ချဲ့ထွင်ခြင်း၊ စစ်ရေးအထောက်အပံ့ နေရာများ တည်ဆောက်ခြင်းတို့ ဆောင်ရွက်နေသည်။
၁၅ နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် မိုဒီ၏ လာရောက်မှုကို ဗီယက်နမ်ဝန်ကြီးချုပ်က ဂုဏ်ပြုခဲ့ပြီး အရှေ့ပင်လယ်နှင့် ပတ်သက်သော ရေးရာများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ မလေးရှားတို့နှင့် အငြင်းပွားနေကြသော တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ “အားလုံးက အပြည်ပြည်ဆိုင်ရာ ဥပဒေတွေပေါ်မှာ အခြေခံပြီး အရှေ့ပင်လယ် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရပါမယ်” ဟု ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွန်ဖက်က ပြောကြားခဲ့သည်။
ရေတပ် ကင်းလှည့်ရေယာဉ်များ ဝယ်ယူရန်အတွက် ဗီယက်နမ်ကို ချေးငွေဒေါ်လာ သန်း ၁၀၀ ပေးရန် အိန္ဒိယက ၂၀၁၄ ခုနှစ်တွင် ကြေညာခဲ့ပြီးနောက် ယခုနောက်ဆုံး ကာကွယ်ရေး သဘောတူညီချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေး ကဏ္ဍတွင် ဗီယက်နမ်နှင့် အိန္ဒိယ၏ ပူးပေါင်းဆောင်ရွက်ကို တရုတ်က ဝေဖန်ထားသည်။
ဗီယက်နမ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လက်နက်တင်သွင်းမှု၌ ကမ္ဘာတွင် အဋ္ဌမမြောက် အများဆုံးနိုင်ငံဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန သိပ္ပံက ဆိုသည်။ ဗီယက်နမ်၏ စစ်လက်နက် ပစ္စည်းများ အနက် ရာခိုင်နှုန်း ၉၀ ကျော်သည် အစဉ်အလာ မဟာမိတ် ရုရှားထံမှဖြစ်ပြီး ရုရှားပြီးလျှင် ယူကရိန်းနှင့် စပိန်တို့က ဗီယက်နမ်ကို လက်နက် အများဆုံး ရောင်းချသည့် နိုင်ငံများအဖြစ် ရပ်တည်နေသည်။
Ref: AFP

Most Read

Most Recent