တရုတ်က ပါရီ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး

တရုတ်က ပါရီ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး
Published 3 September 2016

တရုတ်နိုင်ငံက ပါရီ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်ကလည်း မကြာမီ လက်မှတ်ရေးထိုးဖွယ် ရှိသောကြောင့် ကမ္ဘာ့ ညစ်ညမ်းမှု အဖြစ်စေဆုံး နိုင်ငံနှစ်နိုင်ငံသည် ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ရာ၌ ပူးပေါင်းရပ်တည်မှုကို ပြသမည်ဖြစ်ကြောင်း သိရသည်။
ယင်းသဘောတူညီချက်တွင် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် ဆင်းရဲသောနိုင်ငံများအား ဒေါ်လာ ထရီလျံနှင့်ချီလျက် ကူညီရန် ကြီးမားသော ရည်မှန်းချက်များ ပါဝင်သည်။
အဆိုပါ သဘောတူညီချက်သည် ကမ္ဘာ့ ဖန်လုံအိမ် အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု၏ ၅၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိသော နိုင်ငံပေါင်း ၅၅ နိုင်ငံထက် မနည်း အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင် စတင် သက်ဝင်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များထုတ်လွှတ်မှု ၂၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိပြီး ဒုတိယ နေရာ၌ ရှိသော အမေရိကန်သည် ၁၅ ရာခိုင်နှုန်းကျော်အတွက် တာဝန်ရှိသောကြောင့် ယခု သဘောတူညီချက်၌ ၎င်းတို့နှစ်နိုင်ငံ ပါဝင်မှုသည် အလွန်အရေးကြီးသည်။
တရုတ်နိုင်ငံ၏ ဥပဒေပြု အမျိုးသား ပြည်သူ့ကွန်ဂရက်က ပါရီသဘောတူညီချက်ကို သုံးသပ်ရန်နှင့် အတည်ပြုရန်ကို မဲခွဲ ဆုံးဖြတ်ကာ လက်ခံအတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနဖြစ်သော ဆင်ဟွာက ဖော်ပြခဲ့သည်။ စက်တင်ဘာ ၃ ရက် အနှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့သို့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ရောက်ရှိလာမည် ဖြစ်ပြီး ပါရီ သဘောတူညီချက်ကို သဘောတူကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းနှင့်အတူ ကြေညာဖွယ် ရှိသည်။
Ref: AFP

Most Read

Most Recent