ဒါဗာအိုမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒူတာတေးက ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဖျက်သိမ်း

ဒါဗာအိုမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒူတာတေးက ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဖျက်သိမ်း
Published 3 September 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ၎င်း၏ ဇာတိ ဒါဗာအိုမြို့တွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက် ၎င်း၏ ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ်သော ဘရူနိုင်း ခရီးစဉ်ကို စက်တင်ဘာ ၃ ရက်တွင် ဖျက်သိမ်းခဲ့ကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင်အန်ဒါနာက ပြောကြားခဲ့သည်။ စက်တင်ဘာ ၂ ရက်က ဒါဗာအိုရှိ ညဈေးတွင် ယင်းဗုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်က ဒါဗာအိုမြို့တွင် ရှိနေခဲ့သော ဒူတာတေးက ယင်းပေါက်ကွဲမှုဖြစ်သည့် နေရာကို သွားရောက် စစ်ဆေးခဲ့ပြီး ယင်းနေရာတွင် အစိုးရနှင့် လုံခြုံရေး ထိပ်တန်းတာဝန်ရှိသူများနှင့် အခြေအနေကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက်မှ ၅ ရက်အထိ သွားရောက်မည့် ဘရူနိုင်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သမ္မတ၏ ဆက်သွယ်ရေးဆိုင်ရာ အတွင်းဝန် မာတင်အန်ဒါနာက ပြောကြားခဲ့သည်။ သို့သော် ဒူတာတေးသည် စက်တင်ဘာ ၆ ရက်တွင် ဒေသဆိုင်ရာ ထိပ်သီးသို့ တက်ရောက်ရန် လာအိုသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင် အင်ဒိုနီးရှားသို့ အလုပ်သဘော ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း အန်ဒါနာက ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဒူတာတေးက နိုင်ငံတစ်ဝန်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့သည့် အခြေအနေ ကျရောက်ကြောင်း ကြေညာခဲ့ပြီး ပုံမှန် အချိန်တွင် ရဲတပ်ဖွဲ့၏ ဥပဒေ စိုးမိုးရေး ဆောင်ရွက်သည့် လုပ်ပိုင်ခွင့်များကို စစ်တပ်ကို ပေးခဲ့ကြောင်း သမ္မတ၏ လုံခြုံရေး အကြံပေးက ပြောကြားခဲ့သည်။
ဒါဗာအို မြို့တော်ဝန်ဖြစ်သည့် ဒူတာတေး၏ သမီးဖြစ်သူ ဆာရာဒူတာတေးနှင့် ဖိလစ်ပိုင် အာဏာပိုင်များက ယင်းဗုံးကွဲမှုအတွက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အဘူဆေယက်ကို စက်တင်ဘာ ၃ ရက်တွင် အပြစ်တင်ခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် ဖိလစ်ပိုင်စစ်ဘက်၏ ထိုးစစ်ဆင်မှုကို IS အား သစ္စာခံသည်ဟု ကြေညာထားသော အဘူဆေယက်အဖွဲ့က လက်တုံ့ပြန်ခြင်း ဖြစ်နိုင်ခြေ ရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော် ဒူတာတေးက ယင်းဗုံးခွဲမှုသည် ၎င်း၏ မူးယစ်ဆေး ဝါးနှိမ်နင်းရေး စစ်ပွဲကို မကျေနပ်သည့် မူးယစ်ဆေး ဂိုဏ်း ခေါင်းဆောင်များ၏ လက်ချက် ဖြစ်နိုင်ခြေလည်း ရှိကြောင်း ပြောကြားခဲ့သည်။
ဒါဗာအိုမှ ကီလိုမီတာ ၉၀၀ (မိုင် ၅၅၀) အကွာရှိ အဘူဆေယက်အဖွဲ့ အင်အားကောင်းသည့် ဂျိုလိုကျွန်းစု၌ သြဂုတ် ၂၉ ရက်တွင် ပြုလုပ်ခဲ့သော ထိုးစစ်ဆင်မှု၌ စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အဘူဆေယက် စစ်သွေးကြွ ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ မင်ဒါနာအိုဒေသ၏ အစိတ်အပိုင်းဖြစ်သော ဒါဗာအိုမြို့တွင် အစ္စလာမ္မစ် စစ်သွေးကြွများက ခွဲထွက်ရေး အတွက် ဆယ်စုနှစ်နှင့်ချီ တိုက်ခိုက်ခဲ့ကြပြီး လူ ၁၂၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည့် ဒူတာတေးသည် သဘောထား တင်းမာသော လုံခြုံရေး မူဝါဒများ ချမှတ်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဥပဒေ စိုးမိုးမှု ရရှိအောင် လုပ်ဆောင်နိုင်ခဲ့မှုအတွက် လူသိများကာ ဒေသတွင်းမှ မွတ်စလင်နှင့် ကွန်မြူနစ် သူပုန်များနှင့် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ သမ္မတ ဖြစ်လာချိန်တွင်လည်း ဒူတာတေးသည် အင်အား ထောင်နှင့်ချီရှိသော အဓိက မွတ်စလင် သူပုန်အဖွဲ့ နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မကြာသေးမီ သီတင်းပတ်များ၌ စတင်ခဲ့သည်။ သို့သော် အင်အား ပိုမို နည်းပါးပြီး သဘောထား တင်းမာသော အဘူဆေယက်အဖွဲ့ကမူ ဒူတာတေး၏ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။ မင်ဒါနာအိုရှိ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ဘေးကင်းလုံခြုံမှု ပိုမို အားကောင်းသော ဒါဗာအိုမြို့တွင် အဘူဆေယက်နှင့် အခြား အစ္စလာမ္မစ် အဖွဲ့များက ပြီးခဲ့သောနှစ်၌ လူသေဆုံးမှု ရှိခဲ့သည့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။
Ref: AFP

Most Read

Most Recent