ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ ဇာတိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၀ ဦးထက်မနည်း သေဆုံး

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ ဇာတိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၀ ဦးထက်မနည်း သေဆုံး
Published 3 September 2016
Photo: AFP

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ ဇာတိမြို့ကြီးဖြစ်သည့် ဒါဗာအိုတွင် စက်တင်ဘာ ၂ ရက်နေ့ညက ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြား ဒါဇင်များစွာ ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့က အေအက်ဖ်ပီသို့ပြောကြားသည်။အဆိုပါပေါက်ကွဲမှုမှာ ဒါဗာအိုမြို့၏ လူစည်ကားရာ ဒေသ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ပြည်ပခရီးသွားများနှင့် လုပ်ငန်းရှင်များအကြား ထင်ရှားသည့် ထိပ်တန်းဟိုတယ်ကြီးများအနက်မှ တစ်ခုနှင့် နီးကပ်သောနေရာတွင် ဖြစ်ပွားခဲ့ကြောင်း ထိုမြို့၏ ပြောခွင့်ရသူ ကက်သရင်းဒယ်လာရေးက ဆိုသည်။ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖြစ်ပွားရသည်ကိုမူ ဆက်လက် စုံစမ်းစစ်ဆေးဆဲရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ပွဲချင်းပြီး သေဆုံးကြောင်းနှင့် လူ ၃၀ ထက်မနည်း ဒဏ်ရာရကြောင်းလည်း အတည်ပြုခဲ့သည်။ဒူတာတေးသည် ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရပြီး ဇွန် ၃၀ ရက်က သမ္မတဖြစ်မလာမီ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုနီးပါးကြာ ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သည်။အစ္စလာမ္မစ် စစ်သွေးကြွများနှင့် ကွန်မြူနစ်သူပုန်များက ဒါဗာအိုတွင် အမြဲတိုက်ခိုက်လေ့ရှိသော်လည်း ယခုပေါက်ကွဲမှုဖြစ်ရခြင်း အကြောင်းရင်းကို အာဏာပိုင်များက မပြောသေးပေ။လတ်တလောတွင် ယခုပေါက်ကွဲမှု နောက်ကွယ်မှ လက်သည်မည်သူဖြစ်သည်ကို မိမိတို့အတိအကျ အဖြေမပေးနိုင်သေးကြောင်းဖြင့် သမ္မတ၏ သားဖြစ်သူ ဒါဗာအို ဒုတိယမြို့တော်ဝန် ပေါ်လိုဒူတာတေးက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ကံမကောင်း အကြောင်းမလှသည့် ပေါက်ကွဲမှု၌ သေဆုံးခဲ့ကြသူများအတွက် ဆုတောင်းပေးကြပါရန်နှင့် ဆေးရုံများတွင် ကုသမှုခံယူနေသည့် ဒဏ်ရာရသူများ အမြန်သက်သာစေရန်လည်း ဆုတောင်းပေးကြပါရန် ၎င်းက ပြောသည်။

Most Read

Most Recent