ကလင်တန်သည် သြဂုတ်လ အတွင်းက စံချိန်တင် ရန်ပုံငွေ ဒေါ်လာ ၁၄၃ သန်း စုဆောင်းနိုင်ခဲ့

ကလင်တန်သည် သြဂုတ်လ အတွင်းက စံချိန်တင် ရန်ပုံငွေ ဒေါ်လာ ၁၄၃ သန်း စုဆောင်းနိုင်ခဲ့
Published 2 September 2016

ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးမှုများသည် သြဂုတ် တစ်လအတွင်းမှာပင် အံ့အားသင့်ဖွယ် ဒေါ်လာ ၁၄၃ သန်း ရှာဖွေနိုင်ခဲ့သည်ဟု ၎င်း၏ အဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ကလင်တန်၏ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုငွေ အမြောက်အမြားအနက် ဒေါ်လာ ၆၂ သန်းမှာ ကလင်တန်၏ သမ္မတ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်သော ၈၁ သန်းမှာ ဒီမိုကရက်တစ် အမျိုးသားကော်မတီနှင့် ပြည်နယ်ပါတီများအတွက် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မဲဆွယ်စည်းရုံးမှုကို ထောက်ပံ့ကြတဲ့ လူပေါင်း ၂ ဒသမ ၃ သန်းကို ကျေးဇူးတင်ရှိပါတယ်။ ဒီရင်းမြစ်တွေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ နောက်ဆုံး ကျန်တဲ့ နှစ်လကို စတင်နေပါပြီ” ဟု ကလင်တန်၏ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ရောဘီမို့ခ်က ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြချက်အရ လက်ရှိ သမ္မတ ဘာရက် အိုဘားမားသည် ၂၀၁၂ ခုနှစ် သြဂုတ်လက ဒေါ်လာ ၉၇ သန်း ရန်ပုံငွေ စုဆောင်းနိုင်ခဲ့သည်ဟု သိရသည်။
ကလင်တန်သည် သြဂုတ်လအတွင်းက ပြည်နယ် ၁၁ ခုတွင် ပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ရန်ပုံငွေ မြှင့်တင်ရေး အခမ်းအနား ၃၇ ခု၌ ပါဝင်ခဲ့သည်ဟု သိရသည်။ ထို အခမ်းအနားများသို့ တက်ရောက်သူ တစ်ဦးချင်းစီ၏ လှူဒါန်းထည့်ဝင်မှုသည် ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၅၀၀၀၀ အထိ ရှိကြကြောင်း သိရသည်။
ဥပမာအားဖြင့် ကယ်လီဖိုးနီးယားတွင် ကွယ်လွန်သူ စတိဗ်ဂျော့၏ ဇနီးဖြစ်သူ လောရိန်းဂျော့ ဦးစီးပြုလုပ်ခဲ့သော နှစ်နာရီ ကြာမြင့်သည့် ညစာစားပွဲသို့ တက်ရောက်သူ ၂၀ အနက် တစ်ဦးလျှင် အနည်းဆုံး ဒေါ်လာ ၂၀၀,၀၀၀ လှူဒါန်းခဲ့ကြသည်။
လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ် တောင်ကုန်းပေါ်မှ ပေါ့ပ်အဆိုကျော် ဂျက်စတင်တင်းဘားလိတ်နှင့် ဇနီးဖြစ်သူ ဂျက်စီကာဘဲတို့၏ ကြီးကျယ်ခမ်းနားသော နေအိမ်တွင် ပြုလုပ်ခဲ့သည့် နေ့လယ်စာ အခမ်းအနားတွင် တက်ရောက်ခဲ့သူ ၁၀၀ အနက် အနိမ့်ဆုံးတစ်ဦး လှူဒါန်းငွေမှာ ဒေါ်လာ ၃၃၄၀၀ ဖြစ်ကြောင်း သိရသည်။
သမ္မတ ရွေးကောက်ပွဲအတွက် လူတစ်ဦးလျှင် လှူဒါန်းခွင့်ရှိသော တရားဝင် ပမာဏမှာ ဒေါ်လာ ၂၇၀၀ ဖြစ်သည်။ ထို့ထက် ပိုများသော ငွေပမာဏကို ပြည်နယ်ပါတီ ကွန်ရက်သို့ ခွဲဝေပေးရသည်။
သြဂုတ်လ အတွင်းက ဒေါ်နယ်ထရန့်ဘက်မှ ရန်ပုံငွေမည်မျှ စုဆောင်းနိုင်ကြောင်းမှာ မထွက်ပေါ်လာသေးပေ။ သို့သော် ဘီလျံနာ ထရန့်က ပြီးခဲ့သည့် လများအတွင်းမှ စ၍ ၎င်း၏ ရန်ပုံငွေမြှင့်တင်ရေး လုပ်ဆောင်ချက်များကို အရှိန်အဟုန် မြှင့်တင်ခဲ့သည်။
Ref: AFP

Most Read

Most Recent