မြောက်ပိုင်းရှိ ခိုင်လေမြို့မှ ဒုက္ခသည်စခန်းကို ဖျက်သိမ်းမည်ဟု ပြင်သစ်ပြောကြား

မြောက်ပိုင်းရှိ ခိုင်လေမြို့မှ ဒုက္ခသည်စခန်းကို ဖျက်သိမ်းမည်ဟု ပြင်သစ်ပြောကြား
Published 2 September 2016

ဗြိတိန်သို့ ရောက်ရှိမည်ဟူသော မျှော်လင့်ချက်ဖြင့် နေထိုင်ကြသော ဒုက္ခသည် အမြောက်အမြားအတွက် အဓိက စခန်းတစ်ခု ဖြစ်သော မြောက်ပိုင်းရှိ ခိုင်လေမြို့မှ ဒုက္ခသည် စခန်းကို ဖျက်သိမ်းမည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ခိုင်လေ ဒုက္ခသည်စခန်းကို ဖျက်သိမ်းရန်အတွက် ပြင်သစ်ရှိ ကျန်နေရာများတွင် ဒုက္ခသည်များအတွက် နေထိုင်စရာများ ဖန်တီးပေးပြီး စခန်းကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနက်ဆေဇန်နျူဘီက ပြင်သစ်သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။
မကြာသေးခင် လများအတွင်း ဒုက္ခသည် အများအပြား ထပ်မံရောက်ရှိလာပြီးနောက် ဒုက္ခသည် ၇၀၀၀ နီးပါး နေထိုင်ခဲ့သော ခိုင်လေ ဒုက္ခသည်စခန်းကို ပိတ်ပစ်ရန် ပြင်သစ် အာဏာပိုင်များက အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။ အချို့ ကယ်ဆယ်ရေး အဖွဲ့များက ခိုင်လေ ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၀၀၀၀ နီးပါးထိ ရှိမည်ဟု ခန့်မှန်းထားသည်။
အာဖဂန်များ၊ ဆိုမာလီများ၊ ဆူဒန်များနှင့် ကာ့ဒ်တို့ အများစု နေထိုင်သည့် ခိုင်လေ ဒုက္ခသည် စခန်းကို ယခုနှစ် အစောပိုင်းတွင် အာဏာပိုင်များက တချို့တဝက် ရှင်းလင်းခဲ့သည်။ မြောက်ဘက် ကမ်းရိုးတန်းရှိ ဒုက္ခသည် စခန်းများနှင့် အခြားနေရာများသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းရန် စည်းရုံးခဲ့ပြီး စခန်း၏ နေရာတချို့ကို ဖျက်သိမ်းခဲ့သည်။
ရေလက်ကြားကို ဖြတ်ကျော်၍ ဗြိတိန်သို့ ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် ခိုင်လေတွင် စုဝေးနေကြသော ဒုက္ခသည်များအနက် ၅၀၀၀ ကျော်သည် ယမန်နှစ် အောက်တိုဘာမှ စပြီး ပြင်သစ်နိုင်ငံ တစ်ဝန်းရှိ အထူးစခန်း ၁၆၁ နေရာသို့ ထွက်ခွာသွားခဲ့ကြပြီဖြစ်ကြောင်း သိရသည်။
နောက်ထပ် ဒုက္ခသည် ၈၀၀၀ အတွက် နေထိုင်စရာများ ယခုနှစ်အတွင်း ဖန်တီးပေးမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အခြားနေရာ အမြောက်အမြား ထပ်မံ ဖန်တီးပေးမည် ဖြစ်သောကြောင့် ခိုင်လေမှ ဆန္ဒအလျောက် ထွက်ခွာကြသည့် ဒုက္ခသည်များ များပြားလာမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်။
ခိုင်လေတွင် ရဲတပ်ဖွဲ့အင်အား ၁၉၀၀ ထိ စံချိန်တင် ချထားပြီး နောက်ထပ် ၂၀၀ ကိုလည်း ချထားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်။ ဗြိတိန်သို့ ဝင်ရောက်ရန်အတွက် လော်ရီကားများအတွင်း ပုန်းအောင်း၍ လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန်အတွက် ရဲတပ်ဖွဲ့အင်အား ဖြည့်တင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းသည် စက်တင်ဘာနှောင်းပိုင်းတွင် ခိုင်လေဒုက္ခသည် စခန်းသို့ သွားရောက်မည်ဖြစ်ကြောင်း ဆေဇန်နျူဘီက ပြောကြားခဲ့သည်။ အော်လွန်းသည် ယင်းဒုက္ခသည်စခန်းကို ယခင်က ရှောင်ရှားခဲ့သည်။ ခိုင်လေဒုက္ခသည် စခန်းနှင့် ပတ်သက်၍ ဗြိတိန်ပြည်ထဲရေး ဝန်ကြီးဌာနသို့ မှတ်ချက်တောင်းဆိုရန် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent