ပါကစ္စတန် တရားရုံးတွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၁၃ ဦး သေဆုံး

ပါကစ္စတန် တရားရုံးတွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၁၃ ဦး သေဆုံး
စက်တင်ဘာ ၂ ရက်က မာဒန်မြို့ရှိ ခရိုင်တရားရုံးတွင် ဗုံးပေါက်ကွဲသည့်နေရာကို စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင် တစ်ဦး (Photo: AFP)
စက်တင်ဘာ ၂ ရက်က မာဒန်မြို့ရှိ ခရိုင်တရားရုံးတွင် ဗုံးပေါက်ကွဲသည့်နေရာကို စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင် တစ်ဦး (Photo: AFP)
Published 2 September 2016

ပါကစ္စတန် တရားရုံးတွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၁၃ ဦး သေဆုံးပါကစ္စတန်နိုင်ငံ မာဒန်မြို့ရှိ တရားရုံး တစ်ရုံးကို အသေခံဗုံးခွဲသမား တစ်ဦးက စက်တင်ဘာ ၂ ရက်တွင် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ ပါကစ္စတန် တရားစီရင်ရေး အသိုင်းအဝိုင်းကို ပစ်မှတ်ထားသော နောက်ဆုံးတိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ ယင်းဗုံးခွဲသမားသည် ခရိုင်တရားရုံးသို့ ဦးတည်သည့် အဓိက ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး လက်လုပ် လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်ခဲ့ပြီးနောက် နံနက်ပိုင်း စုဝေးနေသူများအကြား အသေခံဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထိပ်တန်းတာဝန်ရှိသူ အီဂျက်ခန်က ပြောကြားခဲ့သည်။
မာဒန်ရှေ့နေများ အဖွဲ့အစည်း ဥက္ကဋ္ဌ အမီယာဟူစိန်က ရှေ့နေများသည် ဒီမိုကရေစီစနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခြင်းကြောင့် ပစ်မှတ်ထားခံခဲ့ရကြောင်း၊ ယင်းအကြမ်းဖက် သမားများသည် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ မာဒန်ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘီလယ်အာမက်ဖိုင်ဇီက ယင်းပေါက်ကွဲမှုအတွင်း လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၅၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ သေဆုံးခဲ့သူများတွင် ရဲနှင့်ရှေ့နေများ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ဝင် ဖိုင်ဆယ်ရှီဇက်က ဆိုသည်။ တိုက်ခိုက်သူသည် ဖောက်ခွဲရေးခါးပတ်တွင် ဖောက်ခွဲရေးပစ္စည်း ရှစ်ကီလိုဂရမ်အထိ သယ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ ချက်ချင်း မထုတ်ပြန်သေးပေ။ ပြီးခဲ့သော သီတင်းပတ် သုံးပတ်ခန့်ကလည်း နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွေတာမြို့တွင် ကြီးမားသော အသေခံ ဗုံးခွဲမှုကြောင့် ရှေ့နေ အများအပြား သေဆုံးခဲ့ရသည်။
မာဒန်မြို့ အနောက်ဘက် ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာရှိ ခိုင်ဘာပက်ရှ်ထန် ပြည်နယ်မြို့တော် ပက်ရှ်ဝါတွင် ခရစ်ယာန်များကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့သည့် အသေခံ ဗုံးခွဲသမား လေးဦးနှင့် စစ်ဘက်ရဟတ်ယာဉ်များ ထောက်ကူပေးထားသော စစ်သားများ အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ယင်းစစ်သွေးကြွလေးဦးနှင့် အစောင့်တစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းအသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်သွေးကြွ လေးဦး၏ တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ပါကစ္စတန် တာလီဘန်၏ အဖွဲ့ခွဲ Jamaat-ul-Ahrar (JuA) က ထုတ်ပြန်ခဲ့သည်။ ကွေတာမြို့တွင် သြဂုတ် ၈ ရက်က လူပေါင်း ၇၃ ဦးကို သေဆုံးစေခဲ့သော ရှေ့နေများကို ပစ်မှတ်ထားသည့် ကြီးမားသော အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ယခုနှစ်အတွင်း လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် လူပေါင်း ၇၅ ဦး သေဆုံးခဲ့ရသော လာဟိုးအီစတာပွဲတော် ဗုံးခွဲတိုက်ခိုက်မှုတို့ကို ပြုလုပ်ခဲ့ကြောင်းလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ပါကစ္စတန် တာလီဘန် အဖွဲ့သည် အထူးသဖြင့် လူနည်းစု လူမျိုးစုများနှင့် တရားရုံးနှင့် စာသင်ကျောင်းများကဲ့သို့ လုံခြုံရေး အားနည်းသော ပစ်မှတ်များကို တိုက်ခိုက်မှုများအား ပုံမှန် လုပ်ဆောင်လေ့ ရှိသည်။
Ref: AFP

Most Read

Most Recent