ဂျပန်နှင့် ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းလိုကြောင်း ပူတင် ပြောကြား

ဂျပန်နှင့် ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းလိုကြောင်း ပူတင် ပြောကြား
Published 2 September 2016

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂျပန်နှင့် နယ်မြေပိုင်နက် အငြင်းပွားမှုကို ရုရှားက ဖြေရှင်းလိုကြောင်း စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။ ဂျပန်တွင် မြောက်ပိုင်းနယ်မြေများဟု သိကြသည့် ကူရေးကျွန်းစုများကို ဒုတိယကမ္ဘာစစ် နိဂုံးချုပ်ချိန်တွင် ဆိုဗီယက်ယူနီယံက သိမ်းပိုက်ထားခဲ့ပြီးနောက် ဂျပန်နှင့် ရုရှားဆက်ဆံရေးသည် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။
ကျွန်းပိုင်နက် အငြင်းပွားမှုကြောင့် ရုရှားနှင့် ဂျပန်တို့သည် စစ်ပွဲ အဆုံးသတ်သည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ချုပ်ဆိုရန် အဟန့်အတား ဖြစ်နေသည်။
“ကျွန်တော်တို့ ပြောနေတာက အလဲအလှယ် ပုံစံမျိုး ဒါမှမဟုတ် အရောင်းပုံစံမျိုး မဟုတ်ပါဘူး။ ဘယ်ဘက်ကမှ ရှုံးတယ်လို့ မမြင်တဲ့ အဖြေတစ်ခု ရှာဖို့ ပြောနေတာပါ” ဟု ပူတင်က Bloomberg News နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
ဂျပန်နှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် အဓိက ကိစ္စတစ်ခုဖြစ်ပြီး ဂျပန်မိတ်ဆွေတို့နှင့် ပြဿနာဖြေရှင်းရေး အဖြေတစ်ခုကို အလွန်လိုချင်နေကြောင်း ပူတင်က ပြောကြားခဲ့သည်။ ပူတင်က ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဒီဇင်ဘာတွင် ဂျပန်သို့ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုနှစ်တွင်း ဒုတိယအကြိမ်မြောက်အဖြစ် ရုရှားသို့ သွားရောက်ခဲ့သည်။
မကြာသေးခင်နှစ်များအတွင်း ရုရှားနှင့် ဂျပန်သည် ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အဖြေမှာ ဝေးနေဆဲဖြစ်သည်။ အငြင်းပွား ကျွန်းများအနက် နှစ်ကျွန်းပေါ်တွင် အဆောက်အအုံသစ်များ တည်ဆောက်ခြင်းဖြင့် ရုရှားက ဂျပန်ကို စိတ်ဆိုးဒေါသ ထွက်စေခဲ့သည်။ ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်သည် ယမန်နှစ်က ယင်းကျွန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။
ရုရှား အရှေ့ဖျားမြို့ ဗလာဒီဗိုစတော့တွင် ကျင်းပမည့် စီးပွားရေး ဖိုရမ်သို့ အာဘေးက တက်ရောက်မည်ဖြစ်ပြီး ပူတင်နှင့် အာဘေးတို့ တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြုထားသည်။ ယူကရိန်း အရေးတွင် ဝင်ရောက်စွက်ဖက်မှုအတွက် ရုရှားကို အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ပိတ်ဆို့ အရေးယူခဲ့ပြီး ဂျပန်ကလည်း ယင်းအရေးယူမှုတွင် ပူးပေါင်း ပါဝင်ခဲ့သည်။ ပူတင်နှင့် အာဘေးတို့ တွေ့ဆုံမှုတွင် ကုန်သွယ်မှု တိုးမြှင့်ရေးသည် အဓိကဖြစ်ကြောင်း ကရင်မလင် တာဝန်ရှိသူ ယူရီအူရှာကော့က သတင်းထောက်များကို ပြောကြားထားသည်။ ဂျပန်၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် လွန်ခဲ့သည့် နှစ်က ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံသို့ ရောက်ရှိသွားခဲ့သည်။
Ref: AFP

Most Read

Most Recent