စင်ကာပူနိုင်ငံတွင် ဇီကာရောဂါဖြစ်ပွားသူ ၁၁၅ ဦး ရှိလာပြီး မြန်မာနိုင်ငံသားတစ်ဦး ပါဝင်

စင်ကာပူနိုင်ငံတွင် ဇီကာရောဂါဖြစ်ပွားသူ ၁၁၅ ဦး ရှိလာပြီး မြန်မာနိုင်ငံသားတစ်ဦး ပါဝင်
Published 1 September 2016
Ref: AFP,CNA

စင်ကာပူနိုင်ငံတွင် ဇီကာရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးသူ အရေအတွက်သည် သြဂုတ် ၃၁ ရက်နှောင်းပိုင်းတွင် ၁၁၅ ဦးရှိလာပြီး ယင်းတို့ထဲ၌ မြန်မာနိုင်ငံသား တစ်ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းအပြင် မွေးဖွားလာသည့် ကလေးများတွင် မွေးရာပါ ချွတ်ယွင်းချက်များ ဖြစ်ပေါ်နိုင်သော ဇီကာရောဂါ ဖြစ်ပွားသူများထဲ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပထမဆုံးအဖြစ် ပါဝင်လာကြောင်းလည်း သိရသည်။စင်ကာပူကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက စင်ကာပူတွင် ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်မားလာဖွယ်ရှိကြောင်း သတိပေးခဲ့ပြီး စင်ကာပူနိုင်ငံသို့ မဖြစ်မနေ မဟုတ်သော ခရီးသွားလာမှုမျိုးကို ရှောင်ရှားရန် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အကြံပြုချက် ထုတ်ပြန်သော နိုင်ငံများထဲ၌ သြစတြေးလျနှင့် ထိုင်ဝမ်အပြင် အမေရိကန်နှင့် ဗြိတိန်တို့ပါ ပါဝင်လာကြောင်းလည်း သိရသည်။သြဂုတ် ၃၁ ရက်နှောင်းပိုင်းတွင် စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသားပတ်ဝန်းကျင် အေဂျင်စီတို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်၌ ယခင်ရောဂါဖြစ်ပွားသူများအပြင် နောက်ထပ်ရောဂါဖြစ်ပွားသူ ၂၄ ဦး နှင့် ရောဂါပိုး တွေ့ရှိရသူ ၉ ဦး ထပ်မံတိုးလာသောကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၁၅ ဦး ရှိလာကြောင်း ဖော်ပြထားသည်။ရာဂါကူးစက်ခံရသူများထဲတွင် စင်ကာပူ၌ လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၅၇ ဦး ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဇီကာရောဂါ ကူးစက်ခံရသော နိုင်ငံခြားသားများမှာ ဘင်္ဂလားဒေ့ရှ် ၁၀ ဦး၊ တရုတ် ၂၃ ဦး၊ အိန္ဒိယ ၁၅ ဦး၊ အင်ဒိုနီးရှား ၁ ဦး၊ မလေးရှား ၆ ဦး၊ ထိုင်ဝမ် ၁ ဦးနှင့် မြန်မာ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက “အားလုံး ရောဂါမပြင်းထန်ပါဘူး။ အများစုက ပြန်လည်နာလန်ထသွားပါပြီ။ ကျန်တဲ့သူတွေလည်း ကောင်းကောင်း နာလန်ထလာပါပြီ”  ဟု ပြောကြားခဲ့သည်။ရာဂါ ကူးစက်ခံရသူများထဲ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ ယင်းနှင့် ပတ်သက်၍ “သူ့ရဲ့ဆရာဝန်က သူ့ကျန်းမာရေး အခြေအနေနဲ့ သူ့ကလေးရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ဖို့ အနီးကပ် ဆက်လက် ဆောင်ရွက်နေပါတယ်”ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။Aedes ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာရောဂါကို ယခုအထိ နိုင်ငံနှင့် ဒေသပေါင်း ၆၇ ခု၌ တွေ့ရှိခဲ့ရပြီး ဘရာဇီးနိုင်ငံတွင် အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ လူအများစုမှာ ပြင်းထန်ခြင်း မရှိသည့် ရောဂါလက္ခဏာများ ဖြစ်သော အဖျားတက်ခြင်းနှင့် အနီကွက်များ ဖြစ်ပေါ်ခြင်းတို့ကိုသာ ခံစားရသည်။သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ရောဂါကူးစက်ခံရပါက မွေးဖွားလာသည့် ကလေးတွင် microcephaly ဟုခေါ်သော ဦးနှောက်နှင့် ဦးခေါင်းအရွယ်အစား ပုံမှန်မဟုတ်သော သေးငယ်မှုဖြစ်ပေါ်တတ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖော်ပြချက်အရ ဇီကာရောဂါဖြစ်ပွားသော ဘရာဇီးနိုင်ငံတွင် microcephaly  ဖြစ်ပွားသည့် ကaလးငယ်ပေါင်း ၁၈၃၅ ဦးရှိကြောင်း သိရသည်။သြဂုတ် ၃၁ ရက်၌ စင်ကာပူနိုင်ငံတွင် အဖျားတက်ခြင်းနှင့် အနီကွက်များ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပွားသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ဇီကာရောဂါပိုး စမ်းသပ်ရှာဖွေမှု ခံယူကြရန် နှိုးဆော်ထားသည်။ မိမိတို့၏ အမျိုးသားအဖော်၌ ဇီကာရောဂါပိုး တွေ့ရှိရသည့် မိခင်လောင်းအမျိုးသမီးများအနေဖြင့် မိမိတို့၏ဆရာဝန်များနှင့် သွားရောက်တွေ့ဆုံရန်လည်း ညွှန်ကြားထားသည်။စင်ကာပူပတ်ဝန်းကျင် အေဂျင်စီက ရောဂါပိုးခိုအောင်းနေသည့် နေရာအသစ် ဖြစ်ဖွယ်ရှိသော ဘီဒေါ့နော့ ဆင်ခြင်ဖုံးဒေသတွင် ခြင်များနှင့် ခြင်ပေါက်ပွားနိုင်သော နေရာများအား ရှင်းလင်းသုတ်သင်ရေး စီမံချက်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်း ဒေသ၌ နေထိုင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။“အချိန်နဲ့အမျှ နောက်ထပ်ဒေသတွေကနေ ဇီကာရောဂါဖြစ်ပွားသူတွေ ပေါ်ထွက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ စင်ကာပူရဲ့တခြားနေရာတွေမှာလည်း ဇီကာ ကူးစက်မှုတွေ ရှိနေတယ်ဆိုတဲ့ အခြေခံတစ်ရပ်အပေါ်မှာ အစီအစဉ်ချမှတ်ပြီး ကျွန်တော်တို့ လုပ်ဆောင်သွားရပါမယ်” ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီး ဂန်ကင်ယောင်းက ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် သူ၏နိုင်ငံအတွင်း၌ ပထမဆုံး ဇီကာရောဂါကူးစက်ခံရမှု ဖြစ်ပေါ်ကြောင်း သြဂုတ် ၂၇ ရက်တွင် အတည်ပြုခဲ့သည်။  

Most Read

Most Recent