ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက် ပြန်ဆင်း

ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက် ပြန်ဆင်း
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်
Published 1 September 2016
စည်သူအောင်

ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်း ၁၆ ပဲရည်ရွှေ ဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက်ပြန်ဆင်းလာကြောင်း ရွှေဈေးကွက်နှင့် နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်နေသူများထံမှ သိရသည်။
ရက်သတ္တပတ် နှစ်ပတ်ခန့် ကျပ် ၈၅၀၀၀၀ ကျော်တန်းတွင် ရှိခဲ့သော ရွှေဈေးနှုန်းသည် စက်တင်ဘာ ၁ ရက်တွင် ၈၄၈၂၀၀ ကျပ် ဝန်းကျင်အထိ ပြန်ဆင်းလာပြီး ကမ္ဘာ့ရွှေဈေး နှုန်းမှာ ၁၃၀၇ အထိ ကျဆင်းလာကာ ပြင်ပ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၂၁၄ အထိ ကျ ဆင်းလာခြင်းဖြစ်သည်။
“ကမ္ဘာ့ရွှေဈေးနှုန်းက တစ်ပတ်အတွင်း ဒေါ်လာ ၃၀ လောက်ကျလာတယ်။ ငွေဈေး ကလည်း သြဂုတ် ၃၁ ရက်မှာ ၁၂၂၅ လောက် ရှိရာကနေ အခု ၁၀ ကျပ်လောက် ပြန်ကျလာတယ်။ အဲဒါကြောင့် ပြည်တွင်း ရွှေဈေးလည်း ကျပ်ရှစ်သိန်းခွဲအောက်ကို ပြန်ဆင်းလာတာပါ” ဟု ရွှေဘုံသာလမ်း အခြေစိုက် ရွှေနှင့် နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။
သြဂုတ် ၂၄ ရက်တွင် ကျပ် ၈၇၆၀၀၀ ကျော်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းသည် ယခု ရှစ်ရက်အတွင်း ကျပ် ၂၆၀၀၀ ကျော် ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၃၅၀ ဒေါ်လာ ရှိရာမှ သြဂုတ် ၂၄ ရက်အထိ ၁၃၃၇ ဒေါ်လာအထိ ပေါက်ဈေး ရှိသေးသော်လည်း သြဂုတ် ၂၅ ရက်မှ စတင်ကာ ဆက်တိုက်ကျဆင်းလာရာ စက်တင်ဘာ ၁ ရက်တွင် ၁၃၀၇ ဒေါ်လာအထိ ဈေးနှုန်းပြန်လည် လျော့ကျလာခြင်း ဖြစ်သည်။
ပြည်တွင်းငွေလဲနှုန်း ပြင်ပပေါက်ဈေးသည် သြဂုတ် ၁ ရက်တွင် တစ်ဒေါ်လာ ၁၁၈၅ ကျပ်ဝန်းကျင်ရှိပြီး သြဂုတ် ၂၀ ရက် တွင် တစ်ဒေါ်လာ ၁၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။ သြဂုတ်လ ၂၄ ရက်တွင် လက်ရှိအစိုးရ သက်တမ်းအတွင်း အမြင့်ဆုံး ငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာ ၁၂၃၀ ကျပ် အထိ စံချိန်တင်မြင့်တက် လာခဲ့ပြီးနောက် ယခုစက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၁၂၁၄ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်း လာကြောင်း သိရသည်။