ထိုင်းနိုင်ငံ ကြက်သားစက်ရုံ တစ်ခုမှ အလုပ်ဖြုတ်ခံရသည့် MoU အလုပ်သမား ၁၅ ဦး မဟာချိုင်ရှိ AAC ရုံးတွင် ခိုလှုံနေရ

ထိုင်းနိုင်ငံ ကြက်သားစက်ရုံ တစ်ခုမှ အလုပ်ဖြုတ်ခံရသည့် MoU အလုပ်သမား ၁၅ ဦး မဟာချိုင်ရှိ AAC ရုံးတွင် ခိုလှုံနေရ
Published 30 August 2016
မျိုးဇော်ဦး

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ကြက်သားစက်ရုံ တစ်ခုမှ အလုပ်ဖြုတ်ခံရသည့် MoU အလုပ်သမား ၁၅ ဦး မဟာချိုင်ရှိ အလုပ်သမားအရေး ဆောင်ရွက်နေသော AAC မဟာမိတ်အဖွဲ့၏ ရုံးခန်းတွင် ခိုလှုံနေရကြောင်း သိရသည်။အဆိုပါ အလုပ်သမား ၁၅ ဦးသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ကြက်သားစက်ရုံသို့ ရောက်ရှိပြီး ခြောက်လအကြာတွင် အလုပ်ဖြုတ်ခံရကြောင်း ၎င်းအလုပ်သမားများက သြဂုတ် ၃၀ ရက်တွင် ပြောကြားသည်။“ကျွန်တော်တို့ကို ခုနစ်လပိုင်း။ ၂၆ ရက်က အလုပ်ဖြုတ်တာပါ။ ပို့ခဲ့တဲ့ ကုမ္ပဏီကို အကြောင်းကြားပါတယ်။ သူဌေးမက ဘယ်လိုလဲဆိုတော့ သူတို့စီစဉ်ပေးတဲ့အတိုင်း လိုက်နာခိုင်းပါတယ်။ အခု စက်ရုံနဲ့ စာချုပ်ထားတာ မဟုတ်လို့ စာရွတ်စာတမ်းတွေ လုပ်ရပါတယ်ပေါ့နော်။ အဲဒါမျိုးတွေ သူတို့စောင့်ခိုင်းပါတယ်။ ကျွန်တော်တို့ သူတို့ရက်ချိန်းတွေကို စောင့်ပေးရင်း စောင့်ပေးရင်းနဲ့ တစ်လကျော်လာတဲ့အခါ AAC ရုံးကို အကူအညီတောင်းပြီး ရောက်လာတာပါ။ တစ်လနဲ့ တစ်ရက်မြောက်တော့ လက်ထဲမှာလည်း ပိုက်ဆံမရှိတော့ဘူးလေ။ စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်လာတော့ AAC ရုံးကို အကူအညီတောင်းပြီး ရောက်လာခဲ့ပါတယ်” ဟု AAC မဟာမိတ် အဖွဲ့၏ ရုံးခန်းတွင် ခိုလှုံနေသည့် အလုပ်သမား တစ်ဦးဖြစ်သူ ကိုကျော်သူထိုက်က ပြောကြားသည်။၎င်းက ဆက်လက်၍ “ကျွန်တော်တို့က အေဂျင်စီဘက်က ဘယ်လိုဆောင်ရွက်ပေးမလဲ တစ်ချက်သိချင်တယ်ပေါ့။ သူတို့ဘက်က အလုပ်ဆက်ပေးမယ်ဆိုရင် တခြားစက်ရုံမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်ဆက်ပေးမယ်ဆိုရင် ကျွန်တော်တို့ တစ်ဖွဲ့လုံးက လုပ်ပါ့မယ်။ နောက်ကျွန်တော့်ဘက်က နစ်နာကြေး လိုချင်တာပေါ့” ဟု ပြောကြားသည်။အလုပ်သမားများ၏ စမတ်ကတ်တွင် ဘန်ကောက်မြို့ရှိ ကြက်သားစက်ရုံဟု ပါရှိသော်လည်း ကန်ချနဘူရီခရိုင်ရှိ ကြက်သား စက်ရုံသို့ အေဂျင်စီက ပို့ဆောင်ခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ပြောကြားသည်။“အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တာ တစ်လကျော်ရှိပြီ။ လာမဖြေရှင်းသေးဘူး။ ဒီကြားထဲမှာ MoU Passport ဖြစ်လျက်သားနဲ့ ပုလိပ်ကြေးတွေ ပေးနေရတယ်။ နောက်ပြီး ပို့ထားတဲ့နေရာတွေ မှားနေတယ်။ A ကို ပို့ရမှာကို B ကို သွားပို့ထားတယ်။ MoU ဆိုတာ A to A ပဲ။ B ကို သွားပို့ထားရင် ရဲကဝင်စစ်ဆေးရင် အဖမ်းခံရနိုင်တယ်။ ထောင်ကျနိုင်တယ်။ ဥပဒေအရလည်း မမှန်ဘူးလေ” ဟု ကိုရဲမင်းက ပြောကြားသည်။ 

Most Read

Most Recent