နိုင်ငံတော် ဘဏ်များမှ ကောက်ခံနေသည့် ဘဏ်စရိတ် နှုန်းထားများ စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ထုတ်ပြန်

နိုင်ငံတော် ဘဏ်များမှ ကောက်ခံနေသည့် ဘဏ်စရိတ် နှုန်းထားများ စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ထုတ်ပြန်
Published 30 August 2016
ဖြိုးဝေ

နိုင်ငံတော် ဘဏ်များမှ ကောက်ခံနေသည့် ဘဏ်စရိတ်နှုန်းထားများအား စက်တင်ဘာ ၁ ရက်မှ စတင်၍ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်က သြဂုတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ထိုသို့ ပြောင်းလဲကောက်ခံရာတွင် သွင်းကုန်လုပ်ငန်းအတွက် သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း (L.C Opening Commission) ကို ယခင်က ငွေလွှဲစာတမ်း တန်ဖိုး၏ လေးပုံ တစ်ပုံ ရာခိုင်နှုန်း (1/4 % per (3) months or part there of) သို့မဟုတ် ထိုပမာဏနှင့် ညီမျှသော ကျပ်ငွေနှင့် အနည်းဆုံး ဒေါ်လာ ၅၀ သို့မဟုတ် ညီမျှသော ကျပ်ငွေကို ကောက်ခံရာမှ ငွေလွှဲစာတမ်း တန်ဖိုး၏ လေးပုံ တစ်ပုံ ရာခိုင်နှုန်း (1/4 %  per (3) months or part there of) နှင့် အများဆုံး ဒေါ်လာ ၁၅၀၀ မှ အနည်းဆုံး ဒေါ်လာ ၅၀ သို့မဟုတ် အဆိုပါ ပမာဏများနှင့် ညီမျှသည့် ကျပ်ငွေကို တိုးမြှင့် ကောက်ခံမည် ဖြစ်သည်။ပို့ကုန်လုပ်ငန်း ဘီလ်လက်ခံ ဆောင်ရွက်ခြင်း (Bill Handling Commission) အတွက် လက်ရှိတွင် အများဆုံး ဘီလ်တန်ဖိုး၏ လေးပုံတစ်ပုံ ရာခိုင်နှုန်း (1/4 % per (3) months or part there of) (သို့) ထိုတန်ဖိုးနှင့် ညီမျှသော ကျပ်ငွေ သို့မဟုတ် အနည်းဆုံး ဒေါ်လာ ၅၀ (သို့) ဒေါ်လာ ၅၀ နှင့် ညီမျှသော ကျပ်ငွေအား ကောက်ခံမှုကို အဆိုပါ နှုန်းထား အတိုင်းပင် ဆက်လက်ကောက်ခံမည် ဖြစ်သည်။ဘီလ်လက်ခံ ဆောင်ရွက်ခြင်း (Bill Handling Commission) (ဤဘဏ်မှ ဖွင့်လှစ်သော ငွေလွှဲစာတမ်းအရ ပေးပို့သော ဘီလ် Trade Financing L/C အရပေးပို့သော ဘီလ်) ကို ယခင်ကောက်ခံမှုမှ အများဆုံး ၇၅ ဒေါ်လာ သို့မဟုတ် ၇၅ ဒေါ်လာနှင့် ညီမျှသော ကျပ်ငွေသို့ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။ကောက်ခံရေး စနစ်အရ ပေးပို့သော ဘီလ် (Bill Under Collection) ကို ဘီလ်တန်ဖိုး၏ 1/2 % သို့မဟုတ် ညီမျှသော ကျပ်ငွေ ကောက်ခံရာမှ အနည်းဆုံး ဒေါ်လာ ၅၀ သို့မဟုတ် ညီမျှသော ကျပ်ငွေကို ကောက်ခံနေရာမှ အများဆုံး ဘီလ်တန်ဖိုး၏ 1/2 % (သို့) ညီမျှသော ကျပ်ငွေနှင့် အနည်းဆုံး ဒေါ်လာ ၅၀ သို့မဟုတ် အဆိုပါ ပမာဏနှင့် ညီမျှသော ကျပ်ငွေကို ပြောင်းလဲကောက်ခံမည်ဖြစ်သည်။အဆိုပါ ပမာဏများ ပြောင်းလဲကောက်ခံမည့်အပြင် လက်ရှိတွင် ဘဏ်အာမခံလုပ်ငန်း၊ ဘဏ်အာမခံလျော်ကြေး တောင်းခံခြင်း (Claim Under Guarantee) အတွက် ၂၅ ဒေါ်လာ သို့မဟုတ် ၂၅ ဒေါ်လာနှင့် ညီမျှသော ကျပ်ငွေနှင့် စာရင်းဌာနလုပ်ငန်း၊ နိုင်ငံခြားဘဏ်ခွဲ SWIFT 103 Payment များအတွက် ကောက်ခံခြင်းကို လွှဲပြောင်းမှုတိုင်းအတွက် ဒေါ်လာ ၅၀ ကောက်ခံမည်ဖြစ်ပြီး ကျန်ဘဏ်စရိတ် နှုန်းထားများမှာမူ ပြောင်းလဲမှု မရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။  

Most Read

Most Recent