ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများတွင် အခိုင်အမာ ကျူးကျော် တည်ဆောက်ထားသည့် အဆောက်အအုံများကို ဖယ်ရှားရမည်ဖြစ်ရာ လက်ရှိ ပုဇွန်တောင်နှင့် လမ်းမတော်မြို့နယ်တို့တွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်များရှိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများတွင် အမှိုက်ရှင်းလင်းရေး လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းလုပ်ဆောင်နေရာ အမှိုက်ရှင်းလင်းမှုနှင့်အတူ နောက်ဖေးလမ်းကြားများတွင် အခိုင်အမာ ကျူးကျော်ထားသည့် အဆောက်အအုံများကို ဖယ်ရှားရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပုဇွန်တောင်နှင့် လမ်းမတော်မြို့နယ်တို့တွင် Pilot အနေဖြင့် စတင်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။“ပုဇွန်တောင် ၇ ရပ်ကွက် တစ်ရပ်ကွက်လုံး ရှင်းပြီးသွားပြီ။ ကျွန်တော်တို့လည်း ရပ်ကွက်နေ ပြည်သူတွေကို အစည်းအဝေးလုပ်ပြီး ခေါ်ပြောတယ်။ စည်ပင်သာယာကလည်း အရင်သတိပေးစာ ထုတ်ပြီးမှ လုပ်တာပါ။ နောက်ထပ်ပြီး မကျူးကျော်အောင်လို့လည်း CCTV ကင်မရာလည်း တင်ပြီးသွားပါပြီ။ နောက်ပြီး သံဃဒါန ဆွမ်းလောင်းအသင်းတွေကလည်း အချို့က အခိုင်အမာဆောက်တယ်။ အချို့ကျတော့လည်း နောက်ဖေးလမ်းကြားပိတ်ပြီးတော့ ဆောက်ထားတာ ရှိတယ်။ သူတို့လည်း ပါဝင်ဆောင်ရွက်ကြပါတယ်။ အဲဒါတွေကို ဖျက်ပေးပြီးတော့ ယာယီတဲတွေ ပြန်ထိုးတယ်။ (၇) ရပ်ကွက် လုပ်ပြီးပြီ။ အခု (၆) ရပ်ကွက်မှာ ဆက်ရှင်းနေတယ်။ ဒီကိစ္စက မြို့တွင်းခြောက်မြို့နယ်စလုံးမှာ လုပ်မှာ။ အရင်ဆုံး Pilot အနေနဲ့ ပုဇွန်တောင်နဲ့ လမ်းမတော်မှာ စလုပ်တာပါ” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။“နောက်ဖေးလမ်းကြား သန့်ရှင်းရေး လုပ်ရင်းနဲ့ ကျူးကျော်တွေကို ဖယ်ခိုင်းတာပေါ့။ ဒါက ဥပဒေအရလည်း ဆောက်လို့မရဘူး။ အချို့ဟာတွေကို စည်ပင်က ဥပဒေနဲ့အညီ စာထုတ်ပြီး တရားဝင် အကြောင်းကြားပြီး လုပ်တာပေါ့။ ကျွန်တော်တို့ လမ်းမတော်မှာက နောက်ဖေးလမ်းကြားမှာ အမှိုက်က အဓိကပဲ။ ကျူးကျော်ကတော့ အချို့ရှိတယ်။ အချို့ကျတော့လည်း ညှိနှိုင်းလို့ အဆင်ပြေတာရှိတယ်။ အချို့ကျတော့လည်း အဆင်မပြေတာ ရှိပါတယ်။ အဆင်မပြေရင်တော့ စည်ပင်က တရားဝင် စာထုတ်ပြီး အကြောင်းကြားပြီး ရှင်းတာပါ” ဟု လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောကြားသည်။ အလားတူ နောက်ဖေးလမ်းကြား၊ ဘေးလမ်းကြားများတွင် ငှားရမ်း ဖွင့်လှစ်ထားသည့် ဆိုင်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖယ်ခိုင်းထားပြီး သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှတစ်ဆင့် အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။“လမ်းကြားလေးတွေမှာ ငှားထားတာတွေကိုလည်း စည်ပင်က ဖယ်ခိုင်းထားပါတယ်။ အချို့လက်ဖက်ရည်ဆိုင်လေးတွေ ဖွင့်ထားတော့ မိုးတွင်းမှာ အခက်အခဲ ရှိတယ်ဆိုတော့ အချိန်လေး ပေးပါလို့ပြောတယ်။ အဲဒါကတော့ လူမှုရေးအရတော့ ကျွန်တော်တို့ ညှိပေးလို့ရတယ်။ နောက်ပိုင်းကျရင်တော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖြစ်စေချင်တယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ သူတို့ကိုလည်း အခြားအလုပ်အကိုင်တွေ မပေးနိုင်သေးခင်မှာတော့ အခက်အခဲ ရှိနိုင်တာပေါ့” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ယင်းသို့ နောက်ဖေးလမ်းကြားတွင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ အချို့နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ယခင်ကလည်း တိုင်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများတွင် အခိုင်အမာ ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ ဖယ်ရှားမှု ပုဇွန်တောင်နှင့် လမ်းမတော်မြို့နယ်တို့တွင် စတင်









