လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများမှ လုပ်ကွက် ၃၂၁ ခု ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သတ္တုတွင်း ဦးစီးဌာန ကြေညာ

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများမှ လုပ်ကွက် ၃၂၁ ခု ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သတ္တုတွင်း ဦးစီးဌာန ကြေညာ
Published 29 August 2016
အောင်ရဲကို

၂၀၁၆ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည့်  လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာနယ်မြေ လုပ်ကွက် ၃၂၁ ကွက်၏ စာရင်းများကို သတ္တုတွင်း ဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ကြေညာခဲ့ကြောင်း သိရသည်။
စက်တင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည့် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လုပ်ကွက် ၃၈ ခု၊ ခန္တီးတွင် ၈၃ ခု၊ မိုး ညှင်း ၁၅၅ ခု၊ ၊ မိုးကုတ် ၃၂ ခုနှင့် မိုင်းရှုး ၁၃ ခုတို့ဖြစ်ကြောင်း  သိရသည်။
လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များမှာ ခုနစ်နှစ်နှင့်  ငါးနှစ်သက်တမ်းမျှ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ ခန္တီးရှိ ရတနာနယ်မြေ လုပ်ကွက် ၈၃ ခုမှ ၂၀၁၁ ခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မိုးညှင်းရှိ ရတနာနယ်မြေ လုပ်ကွက် ၁၅၅ ခု မှာလည်း ၂၀၁၁ ခုနှစ်က လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး မိုးကုတ်ရတနာ နယ်မြေရှိ လုပ်ကွက် ၃၂ ခုမှာ ၂၀၁၃ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ မိုင်းရှုးမြို့နယ်ရှိ ရတနာမြေ လုပ်ကွက် ၁၃ ခုကိုလည်း ၂၀၁၃  ခုနှစ်က လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
လုပ်ကွက်သက်တမ်း ကုန်ဆုံးမည့် ရတနာနယ်မြေများရှိ လုပ်ကွက်များကို သက်တမ်းတိုးပေးရန် အစီအစဉ်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဖားကန့်ရတနာနယ်မြေတွင် လုပ်ကွက် အသစ်များ မချပေးတော့ကြောင်း၊ လုပ်ကွက် သက်တမ်းတိုးခြင်းကိုလည်း ရပ်တန့်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောကြားထားသည်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်၏ ပြောကြားချက်အရ သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း၊ သက်တမ်းမကုန်သေးသည့် လုပ်ကွက်များကိုသာ ဆက်လက် လုပ်ကိုင်နေကြောင်း သိရသည်။
 

Most Read

Most Recent