လှိုင်သာယာမြို့နယ်ရှိ မြေ ၂၃ ဧကခန့်နှင့် သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက်ရှိ မြေ ၃၁ ဧကတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်

လှိုင်သာယာမြို့နယ်ရှိ မြေ ၂၃ ဧကခန့်နှင့် သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက်ရှိ မြေ ၃၁ ဧကတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်
Published 29 August 2016
စည်သူအောင်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် သန်လျင်-ကျောက်တန်းမြို့နယ်တို့ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော မြေနေရာများ၌ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် သြဂုတ် ၂၉ ရက်တွင် အဆိုပြုတင်ဒါ ခေါ်ယူထားကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၂) ရှိ မြေဧရိယာ ၂၃ ဧကခန့်တွင် တန်ဖိုးသင့်အိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်ပြီး သန်လျင်- ကျောက်တန်းမြို့နယ် သီလဝါအထူး စီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက် ၅၈၈ ကွက်ရှိမြေဧရိယာ ၃၁ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံသားဆောက်လုပ်ရေး လုပ်ငန်းရှင် များအနေဖြင့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို လာမည့်စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ပေးပို့ကြရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်း အိမ်ရာစီမံကိန်းနှင့် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) ရှိ တိုက်ခန်းများကို ကျပ်သိန်း ၁၂၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေလင်ပန်းအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာ၊ ရွှေပေါက်ကံ ၁၄ ရပ် ကွက်အိမ်ရာစသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းပေါင်း ၁၉၀၀၀ ကျော်၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ လှိုင်သာယာမြို့ နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာအပါအဝင် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများမှ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းပေါင်း ၆၀၀၀ ခန့်၊ ဗိုလ်တ ထောင်မြို့နယ် ၅၁ လမ်းအိမ်ရာစီမံကိန်း၊ ဒဂုံမြို့နယ် လင့်လမ်းအိမ်ရာ စီမံကိန်း အပါ အဝင် အကျိုးတူအိမ်ရာ စီမံကိန်းများမှ အဆင့်မြင့်တိုက်ခန်း ၆၀၀၀ ခန့် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။                  
 

Most Read

Most Recent