ရန်ကုန်စတော့ အိတ်ချိန်းတွင် အဖွင့်ဈေး အနိမ့်ဆုံး စာရင်းတင်မှုအဖြစ် မြန်မာနိုင်ငံသားများဘဏ် ဖြစ်လာခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၆၈၀၀ ဖြင့် ကြမ်းခင်းဈေး သတ်မှတ်ကြောင်း ထုတ်ပြန်

ရန်ကုန်စတော့ အိတ်ချိန်းတွင် အဖွင့်ဈေး အနိမ့်ဆုံး စာရင်းတင်မှုအဖြစ် မြန်မာနိုင်ငံသားများဘဏ် ဖြစ်လာခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၆၈၀၀ ဖြင့် ကြမ်းခင်းဈေး သတ်မှတ်ကြောင်း ထုတ်ပြန်
Published 25 August 2016
ဖြိုးဝေ

ရန်ကုန်စတော့ အိတ်ချိန်းတွင် အဖွင့်ဈေးအနိမ့်ဆုံး စာရင်းတင်သည့် စာရင်းဝင် ကုမ္ပဏီအဖြစ် တတိယမြောက် စာရင်းဝင်ခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတစ်စုလျင် ကြမ်းခင်းဈေး ကျပ် ၆၈၀၀ သာ သတ်မှတ်လိုက်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။
အစုရှယ်ယာ တစ်စု၏ မူရင်းတန်ဖိုး ကျပ် ၅၀၀၀ ရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်၏ ပြင်ပရှယ်ယာ ဈေးနှုန်းသည် ကျပ် ၇၀၀၀ ခန့်တွင် ရှိနေပြီး ရန်ကုန်စတော့ အိတ်ချိန်းတွင်မူ ရှယ်ယာတစ်စု၏ ကြမ်းခင်းဈေး ကျပ် ၆၈၀၀ အပြင် အမြင့်ဆုံး ဈေးနှုန်းအဖြစ် ကျပ် ၇၈၀၀ နှင့် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၅၈၀၀ သတ်မှတ်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာတစ်စု၏ အတက်အကျဈေးနှုန်း သတ်မှတ်ချက် (Tick Size) ကို ကျပ် ၁၀၀ သတ်မှတ်ထားသည်။
စတော့အိတ်ချိန်းတွင် ဖြစ်နိုင်သည့် ဈေးနှုန်းကိုသာ စတင်သတ်မှတ်မည်ဖြစ်ပြီး အဖွင့်ဈေးအောက် မရောက်ရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကာ အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေများကို စက်တင်ဘာတွင် စတင်ထုတ်ချေးမည်ဟု မြန်မာနိုင်ငံသားများဘဏ် (MCB) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ တင်လိုက်တဲ့ အခြေခံဈေး တစ်ခုကိုတော့ ပြန်မကျအောင် ပြင်ထားတယ်။ စဖွင့်မယ့်ဈေးပေါ့။ ဥပမာ ကျပ်တစ်သောင်းလား၊ ကျပ်နှစ်သောင်းလားပေါ့။ အဲဒီဈေးထက်တော့ ကျဖို့မရှိဘူးပေါ့။ အခု ကျွန်တော်တို့ ဘဏ်ရဲ့ လုပ်ငန်းအခြေအနေကို ရှင်းပြနေတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်နေတယ်။ ဘယ်လိုမြတ်နေတယ်။ အဲဒီလိုဆို ရင်းနှီးမြှုပ်နှံသူက စဉ်းစားနိုင်ပြီလေ။ ရင်းနှီးမြှုပ်နှံသူက ကျွန်တော်တို့ဘဏ် တိုးတက်နေလား၊ ဆုတ်ယုတ်နေလား။ ကျွန်တော်တို့ ဘယ်လိုအုပ်ချုပ်နေလဲ အဲဒါပဲ ကြည့်မှာလေ။ ကျွန်တော်တို့ ဖွင့်ဟဖော်ထုတ်ချက် စာတမ်းမှာ အပြည့်အစုံ တင်ထားတာ။ ရင်းနှီးမြှုပ်နှံသူက အဲဒါကြည့်မှာပေါ့။ ကျွန်တော်တို့က ဖြစ်နိုင်တဲ့ဈေးပဲ သတ်မှတ်မှာ” ဟု ဦးမြင့်ဝင်းက ပြောကြားသည်။
ဘဏ်ခွဲ ၂၁ ခုသာရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်သည် ဝင်ငွေခွန်ပေးဆောင်ရာတွင် ဘဏ်များအနက် အဆင့် ၁၂ နေရာတွင် ရပ်တည်နေပြီး စုစုပေါင်း ကျပ်လေးဘီလျံကျော် အခွန်ပေးဆောင်ထားကာ ရန်ကုန်စတော့ အိတ်ချိန်းတွင် တတိယမြောက် အစုရှယ်ယာ ရောင်းချမည့် အများပိုင်ကုမ္ပဏီ ဖြစ်လာခဲ့ပြီး ယခုလ ၂၆ ရက်တွင် အစုရှယ်ယာ စတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ ထုတ်ပြန်ထားသည့် စတော့အိတ်ချိန်းစာရင်း တင်သွင်းရန် ဖွင့်ဟဖော်ထုတ်ချက် စာတမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများဘဏ် အနေဖြင့် ဘဏ်စတင် ထူထောင်ချိန်မှ လက်ရှိအချိန်အထိ ဝင်ငွေခွန်အဖြစ် ကျပ် ၄ ဒသမ ၃ ဘီလျံ ပေးဆောင်ထားပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အခွန်ထမ်းဆောင်မှု အဆင့် ၃၈ ၌ ရပ်တည်ခဲ့ကာ ဘဏ်များအနက် အခွန်ထမ်းဆောင်မှု အဆင့် ၁၂ နေရာတွင် ရှိခဲ့သည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၂၄ ခုနှင့် နိုင်ငံပိုင် လေးခုအနက် ဘဏ်ခွဲ ၂၁ ခုဖြင့် ဘဏ်ခွဲနည်းပါး သော်လည်း အခွန်ထမ်းဆောင်ရာတွင်မူ အဆင့် ၁၂ ၌ ရပ်တည်နေခြင်းဖြစ်သည်။ ထို့ပြင်အစုရှယ်ယာ ရှင်များအတွက် အမြတ်ဝေစု ခွဲဝေပေးအပ်ရာတွင် မူလအစုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းထက် ကျော်လွန်သည့် အမြတ် ဝေစုခွဲဝေမှု (၁၁) ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အစုရှယ်ယာရှင်အဖြစ် ပါဝင်သည့် မြန်မာနိုင်ငံသားများ ဘဏ်သည် ယခုနှစ် ဇူလိုင် ၃၁ ရက်အထိ မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၅၂၀၀၄ ဒသမ ၉၃၀ ရှိနေပြီး အစုရှယ်ယာပေါင်း ၁၀ ၄၀၀ ၉၈၆ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသားများဘဏ်၏ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေမှာ ကျပ် ၄၉ ဘီလျံကျော်နှင့် အပ်ငွေကျပ် ၁၄၄ ဘီလျံကျော်ရှိပြီး အခွန်နုတ်ပြီး အမြတ်ငွေမှာ ၅ ဒသမ ၃ ဘီလျံကျော်အထိ ရှိနေ သည်။ ၂၀၁၀ ပြည့်နှစ်တွင် ထည့်ဝင်ပြီး မç တည်ရင်းနှီးငွေမှာ ၃ ဒသမ၂ ဘီလျံသာရှိပြီး အပ်ငွေမှာ ၁၂ ဘီလျံကျော်သာရှိကာ အမြတ် ငွေမှာလည်း ဝဒသမ၅ ဘီလျံသာရှိသည့် အတွက် ကာလတိုအတွင်း အဆပေါင်းများစွာ တိုးတက်ခဲ့သည့်ဟု စာတမ်းက ဆိုသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လက်ရှိ အရောင်းအဝယ် ပြုလုပ်နေသည့် FMI က ကျပ်တစ်ထောင်တန် အစုရှယ်ယာပေါင်း ၂၃၄၈၀၀၁၃ စုဖြင့် အရောင်းအဝယ် ပြုလုပ်နေပြီး အဖွင့်ဈေး ကျပ် ၂၆၀၀၀ သတ်မှတ်ခဲ့ကာ MTSH အနေနှင့် ကုမ္ပဏီကိုးခုမှ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာပေါင်း ၁၇ သိန်း ငါးသောင်းငါးထောင်နှင့် အများပြည်သူ ပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၂၁၄၅၀၀၀ ဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် အစုရှယ်ယာ ၃၈၉၂၉၁၅ စာရင်း တင်ခဲ့ပြီး အဖွင့်ဈေး ကျပ် ၄၀၀၀၀ သတ်မှတ်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားများဘဏ်၏ အဖွင့်ဈေး ကျပ် ၆၈၀၀ သည် အဖွင့်ဈေး အနိမ့်ဆုံး သတ်မှတ်မှု ဖြစ်လာခဲ့သည်။                                           
 

Most Read

Most Recent