သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံတကာကုမ္ပဏီများက စင်ကာပူတစ်ဆင့်ခံကာ ဝင်ရောက် မြှုပ်နှံနေကြသဖြင့် လက်ရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၈၃၀ ကျော်တွင် စင်ကာပူနိုင်ငံမှာ အများဆုံးဖြစ်လာ

သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံတကာကုမ္ပဏီများက စင်ကာပူတစ်ဆင့်ခံကာ ဝင်ရောက် မြှုပ်နှံနေကြသဖြင့် လက်ရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၈၃၀ ကျော်တွင် စင်ကာပူနိုင်ငံမှာ အများဆုံးဖြစ်လာ
Published 24 August 2016
နီလာ

သီလဝါအထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၃၀ ကျော် ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
 
ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်၌  နိုင်ငံတကာကုမ္ပဏီများက စင်ကာပူတစ်ဆင့်ခံကာ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာကြသဖြင့် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၃၀ ကျော်တွင် စင်ကာပူမှာ အများဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
 
“သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကနေ ၂၀၁၆ ခုနှစ် ဇူလိုင်လကုန်အထိက ဒေါ်လာ သန်း ၈၃၈ ဒသမ ၃၀၅ သန်း ရှိပါတယ်။ လုပ်ငန်းအရေအတွက် ၆၈ ခုပါ။ နိုင်ငံစုစုပေါင်း ၁၄ နိုင်ငံက ဝင်ရောက်နေကြပြီးတော့ အများဆုံးက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံက ၃၇၂ ဒသမ ၁၄၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဒုတိယအများဆုံးက ဂျပန်ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း က ပြောကြားသည်။
 
“စင်ကာပူက နိုင်ငံလေး သေးသေးလေးကိုး။ စင်ကာပူဆိုပေမယ့် ဥရောပနိုင်ငံတွေက ကုမ္ပဏီတွေက လာပြီး မြှုပ်နှံတာပါ။ ဘာကြောင့်လဲဆိုရင် စင်ကာပူမှာ လာပြီး Incorporate လုပ်ထားတာပါ။ ဘာကြောင့် စင်ကာပူမှာ Incorporate လုပ်ရတာလဲဆိုရင် AEC ပေါ့။ ကျွန်တော်တို့က အာဆီယံနိုင်ငံတွေဖြစ်တော့ ASEAN Economic Community အရ အကျိုးခံစားခွင့်တွေ ခံစားနိုင်အောင် စင်ကာပူမှာ အခြေစိုက်တဲ့ ဗြိတိန်ကုမ္ပဏီ၊ အမေရိကန်ကုမ္ပဏီစတာတွေက လာရောက်မြှုပ်နှံကြတာ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။
 
သီလဝါအထူးစီးပွားရေးဇုန် Zone A  တွင် လက်ရှိအချိန်၌ အထည်ချုပ်စက်ရုံ၊ ကားအပိုပစ္စည်းစက်ရုံ စသည်ဖြင့် စက်ရုံ ၁၂ ခုမှာ စတင်လည်ပတ်လျက် ရှိကြောင်း Myanmar  Japan Thilawa Development Ltd  မှ Officer & General Manager  ဦးမြင့်ဇော်က ပြောကြားသည်။
 
သီလဝါအထူးစီးပွားရေးဇုန်အတွင်း  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ၊ အလူမီနီယံပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ သတ္တုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၊ ကားလုပ်ငန်း၊ ဆေးဝါးလုပ်ငန်းစသဖြင့် လုပ်ငန်းများ လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
“တချို့စက်ရုံတွေက ၂၀၁၆ နှစ်ဆန်းပိုင်းကစပြီး  လည်ပတ်နေတာဖြစ်ပြီးတော့ သုံးရုံကတော့ စတင်လည်ပတ်နေတာ တစ်လလောက်ပဲ ရှိပါသေးတယ်။ မုတ်သုံရာသီမိုးကုန်တာနဲ့ နောက်ထပ်ကျန်နေတဲ့ စက်ရုံ ၃၀ ကျော်က စတင် တည်ဆောက်တော့မှာ ဖြစ်ပါတယ်”ဟု ဦးမြင့်ဇော်က ဆက်လက် ပြောကြားသည်။                                   

Most Read

Most Recent