ဧရာဝဏ်၊ ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်

ဧရာဝဏ်၊ ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း တည်ဆောက်နေဆဲ အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း တည်ဆောက်နေဆဲ အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
Published 19 August 2016
နီလာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုငွေပမာဏ ကြီးမားသည့်အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။
“ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းက မူလရည်မှန်းချက်က ပါဆယ် ၁၁ ခု၊ အ ဆောက်အအုံ ၄၁ လုံး ဆောက်မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ကြီးမားတဲ့ အတွက်ကြောင့် အခုပထမအဆင့် အနေနဲ့ ပါဆယ်တစ်ခုကို လာမယ့်ဒီဇင်ဘာအတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ဒီလိုပါဆယ်တစ်ခု ဆောင်ရွက်နေသလို ကျန်တဲ့ပါဆယ်တွေကိုလည်း  ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ ဧရာဝဏ်၊ ရတနာအိမ်ရာ စီမံကိန်းကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကုမ္ပဏီတစ်ခုနဲ့ ဆောင်ရွက်နေပါတယ်။ မကြာခင်မှာလည်း ကျန်တဲ့လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက် အကောင်အထည် ဖော်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။
အဆိုပါ စီမံကိန်းရှိ ၁၈ ထပ်အဆောက်အအုံ ခြောက်လုံးပါဝင်သည့် Block-G ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများကို ၂၀၁၆ ခုနှစ် မတ်လလယ်မှ စတင်ရောင်းချခဲ့ပြီး တစ်စတုရန်းပေကို တစ်သိန်းကျပ်ဖြင့် ရောင်းချပေးနေပြီး လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသူများ အနေဖြင့် ငါးရာခိုင်နှုန်း ဈေးလျှော့ပေးကာ ရောင်းချခဲ့သည်။
အဆိုပါ တိုက်ခန်းများအား အရစ်ကျချေးငွေစနစ်ဖြင့် ဝယ်ယူလိုပါက ရာခိုင်နှုန်း၅၀ အား ကနဦး ပေးသွင်းပြီး ကျန်ငွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်၍ ဝယ်ယူနိုင်ကြောင်း၊ အဆိုပါအိမ်ရာ စီမံကိန်းအား အပိုင်း သုံးပိုင်းဖြင့် တည်ဆောက်နေပြီး ပထမအဆင့် အဆောက်အအုံ ၁၈ လုံး၊ ဒုတိယအဆင့် အဆောက်အအုံ ၁၆ လုံး၊ တတိယအဆင့် အဆောက်အအုံ ၁၅ လုံး ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း အဆောက်အအုံ ၄၉ လုံး ပါဝင်သည်။
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းဆောင်ရွက် နေခြင်းဖြစ်သည်။
 

Most Read

Most Recent