လာမည့်နွေကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တင်ဒါကို သြဂုတ် ၁၈ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ်သုံးနိုင်သည့် စက်ဖြစ်ရန် စည်းမျဉ်းများ ပြင်ဆင်သတ်မှတ်

လာမည့်နွေကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တင်ဒါကို သြဂုတ် ၁၈ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ်သုံးနိုင်သည့် စက်ဖြစ်ရန် စည်းမျဉ်းများ ပြင်ဆင်သတ်မှတ်
Published 17 August 2016
စည်သူအောင်

လာမည့်နွေကာလ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက် ရုံတင်ဒါကို သြဂုတ် ၁၈ ရက်၌ စတင်စိစစ် မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ် သုံးနိုင်သည့် စက်ဖြစ်ရန် အချက်များ တင်ဒါစည်းမျဉ်းတွင် ပြင်ဆင်ထည့်သွင်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါတင်ဒါနှင့် ပတ်သက်ပြီး တင်ဒါလျှောက်ထားသူများနှင့် တွေ့ဆုံသော အကြိုအစည်းအဝေးကို သြဂုတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ကုမ္ပဏီ ၂၃ ခု တက်ရောက်ခဲ့ရာ အရေးပေါ် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကိစ္စ အမြန်ဆုံး ဖြည့်ဆည်းနိုင်အောင် တွေ့ဆုံပြောကြား ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်နေတာ ဖြစ်တဲ့အတွက် တစ်နှစ်ကို ခန့်မှန်းခြေ မဂ္ဂါဝပ် ၃၀၀ ပတ်ဝန်းကျင်လောက် လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခု လာမယ့်နွေရာသီမှာ မဖြစ်မနေ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို အခုလို အချိန်တို အတွင်းမှာ တင်ဒါခေါ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါတင်ဒါကို ဇူလိုင် ၄ ရက်မှာ စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၈ ရက် နောက်ဆုံးထား သတ်မှတ်ခဲ့ကာ တင်ဒါလျှောက်ထားလိုသည့် အချို့ကုမ္ပဏီများက ရက်ရွှေ့ဆိုင်းပေးရန် တင်ပြမှုများလည်း ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ လျှပ်စစ်ဓာတ်အား လို အပ်ချက်အရ ရက်အကန့်အသတ် ဖြစ်နေတဲ့အတွက် ရက်ရွှေ့ဆိုင်းပေးဖို့ အတွက် မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်က အင်မတန် နည်းနေပါတယ်။ လာမယ့် နွေရာသီဆိုတာ တကယ်တော့ မတ်၊ ဧပြီ၊ မေနဲ့ ဇွန်တို့ဖြစ်ပြီးတော့ ဒီလတွေမှာ အဓိက လိုမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားအတွက် ရည်ရွယ်ပြီးတော့ ခေါ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ရက်အကန့်အသတ် ရှိပါတယ်” ဟု ဦးခင်မောင်ဝင်းက ရှင်းပြသည်။
တင်ဒါစိစစ်မှု အစီအစဉ်ကို သြဂုတ် ၁၈ ရက် ညနေ လေးနာရီတွင် ပြုလုပ်မည်ဖြစ်ပြီး စိစစ်ပြီးပါက တင်ဒါတင်သွင်းသည့် ကုမ္ပဏီများကို ထုတ်ပြန်ကြေညာ သွားမည်ဖြစ်သည်။ တင်ဒါတင်သွင်းရာ၌ ဌာနတွင် လာရောက်ပြီး တင်ဒါပုံစံ ဝယ်ယူကာ အမည်စာရင်း လာလုပ်ထားသော ကုမ္ပဏီအမည်များကိုသာ လက်ခံသွားမည်ဖြစ်ပြီး တင်ဒါအောင်မြင်သူကို စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာနိုင်ရန်  မျှော်မှန်းထားသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရန်အတွက် တင်ဒါပုံစံလာရောက် ဝယ်ယူထားသော ကုမ္ပဏီ ၈၂ ခု (သြဂုတ် ၁၆ ရက် နံနက်ပိုင်းအထိ) ရှိပြီး ဌာန၏ လိုအပ်ချက်အရ တင်ဒါစည်းမျဉ်းစည်းကမ်း နှစ်ချက်ပြင်ဆင်ထားကြောင်း သိရသည်။
“ပထမအချက် အနေနဲ့ကတော့ စက်တွေက အသစ်ဖြစ်ရပါမယ်။ ဒါက ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု သက်သာစေဖို့နဲ့ ဆီစားနှုန်းသက်သာစေဖို့ပါ။ ပြီးတော့ ဒီစီမံကိန်းက ငါးနှစ်သတ်မှတ်ထားပေမယ့် လိုအပ်ရင် နောက်ထပ် ငါးနှစ်၊ ငါးနှစ်ဖြစ်သွားနိုင်လို့ ပြင်ဆင်သတ်မှတ်တာပါ။ နောက် ဒုတိယအချက်ကတော့ လောင်စာကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ဒီဇယ်ဆီကို ထည့်သွင်းမဖော်ပြဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။ HFO (Heavy Fuel Oil) နဲ့ပဲ အသုံးပြုမယ်။ ပြီးတဲ့အခါမှာ ဌာနဘက်က LNG၊ Gas ပေးနိုင်ရင် ပြောင်းပြီးသုံးနိုင်အောင် Duel Fuel စနစ်နဲ့ အသုံးပြုနိုင်အောင် ပြောတာပါ။ လျှောက်ထားတဲ့ ကုမ္ပဏီက ဖော်ပြတဲ့စက်ဟာ Duel Fuel System၊ HFO နဲ့ အသုံးပြုနိုင်တဲ့ စက်အမျိုးအစားထဲက ဖြစ်ရပါမယ်” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃၂၃၆ မဂ္ဂါဝပ်ရှိပြီး အမှန်ထုတ်လုပ်နိုင်အား ၂၇၀၀ မဂ္ဂါဝပ်ရှိကာ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းရန် လိုအပ်ချက် ၅၃၆ မဂ္ဂါဝပ် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာများအရ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လျက်ရှိပြီး နှစ်အလိုက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များမှာ ၂၀၁၀ ပြည့်နှစ်တွင်  ၁၃၇၁ မဂ္ဂါဝပ်၊ ၂၀၁၁ ခုနှစ်တွင် ၁၅၈၈ မဂ္ဂါ ဝပ်၊ ၂၀၁၂ ခုနှစ်တွင် ၁၈၅၀ မဂ္ဂါဝပ်၊ ၂၀၁၃ ခုနှစ်တွင် ၂၁၂၈ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်တွင် ၂၄၄၇ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ်တွင် ၂၈၁၄ မဂ္ဂါ ဝပ်နှင့် ၂၀၁၆ ခုနှစ်တွင် ၃၂၃၆ မဂ္ဂါဝပ်အထိ လိုအပ်နေခြင်းဖြစ်သည်။
 

Most Read

Most Recent