သီလဝါရှယ်ယာ သြဂုတ် ၁၇ ရက်တွင် ဈေးထပ်မံပြုတ်ကျပြီး ရှယ်ယာတစ်စု ကျပ် ၄၀၀၀၀ ဖြင့် အနိမ့်ဆုံး ကျဆင်းကာ ရန်ကုန်စတော့အိတ်ချိန်း၌ စတင်သတ်မှတ်ခဲ့သည့် အဖွင့်ဈေးသို့ ရောက်ရှိ

သီလဝါရှယ်ယာ သြဂုတ် ၁၇ ရက်တွင် ဈေးထပ်မံပြုတ်ကျပြီး ရှယ်ယာတစ်စု ကျပ် ၄၀၀၀၀ ဖြင့် အနိမ့်ဆုံး ကျဆင်းကာ ရန်ကုန်စတော့အိတ်ချိန်း၌ စတင်သတ်မှတ်ခဲ့သည့် အဖွင့်ဈေးသို့ ရောက်ရှိ
Published 17 August 2016
ဖြိုးဝေ

ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါရှယ်ယာဈေး ထပ်မံပြုတ်ကျခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၄၀၀၀၀ ဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာဈေး စတင်သတ်မှတ်သည့် အဖွင့်ဈေးသို့ ရောက်ရှိလာခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ နေ့စဉ် အရောင်းအဝယ် ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သြဂုတ် ၁၇ ရက်တွင် သိရှိရသည်။
သြဂုတ် ၁၅ ရက်တွင် သီလဝါရှယ်ယာ တစ်စုမှာ ကျပ် ၄၂၀၀၀ သာရှိပြီး သြဂုတ် ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအောက် ကျပ် ၃၀၀၀ ကျဆင်းခဲ့ကာ သြဂုတ် ၁၆ ရက် တွင် သီလဝါရှယ်ယာ တစ်စုလျင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၄၀၀၀၀ အထိ ကျဆင်းကာ မေ ၂၀ ရက်တွင် စတော့အိတ် ချိန်း၌ စတင်သတ်မှတ်သည့် အဖွင့်ဈေးသိ့ု ရောက်ရှိလာခြင်းဖြစ်သည်။
FMI ရှယ်ယာမှာမူ အဆိုပါ ရက်များတွင် ရှယ်ယာတစ်စု ကျပ် ၁၉၅၀၀ နှင့် ကျပ်နှစ်သောင်းတွင်သာ ရှိနေခဲ့ပြီး သြဂုတ် ၁၇ ရက်တွင်လည်း နံနက်ပိုင်း အဖွင့်ဈေးတွင် ကျပ် ၁၉၅၀၀ ရှိပြီး နေ့လယ် အပိတ်ဈေးတွင်မူ ရှယ်ယာတစ်စု ကျပ်နှစ်သောင်းဖြင့် တည်ငြိမ်နေခဲ့သည်။
FMI နှင့် သီလဝါရှယ်ယာများ ယခင်က နေ့စဉ်ကျပ်ဘီလျံနှင့်ချီ အရောင်းအဝယ် ဖြစ်ပေါ်နေရာမှ အဆမတန် ကျဆင်းလာပြီး သြဂုတ် ၁ ရက်မှ စတင်ကာ နေ့စဉ်အရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ်သိန်းတစ်ထောင် အောက်သာ အရောင်းအဝယ် ဖြစ်ပေါ်ပြီး သြဂုတ် ၁၅ ရက်တွင်လည်း FMI ရှယ်ယာ အစုပေါင်း ၂၅၆၅ စောင်နှင့် သီလဝါရှယ်ယာ အစုပေါင်း ၁၅၃၄ စောင်သာ ရောင်းချခဲ့ရပြီး အရောင်းအဝယ် ဖြစ်ပေါ်မှု တန်ဖိုးမှာ ကျပ်သိန်း ၁၁၀၀ ကျော်သာ ဖြစ်ပေါ်ခဲ့သည်။
သြဂုတ် ၁၆ ရက်တွင်လည်း ရှယ်ယာနှစ်မျိုးပေါင်း ၄၆၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ပြီး ကျပ်သိန်း ၁၅၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ သြဂုတ် ၁၇ ရက်တွင်လည်း ရှယ်ယာနှစ်မျိုးပေါင်း ၄၄၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ပြီး ကျပ်သိန်း ၁၂၀၀ ကျော်ခန့်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်မှ စတင်၍ ဇွန် ၃၀ ရက်အထိ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၃၈ ဘီလျံကျော်နှင့်  သီလဝါရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်မှု ၁၃ ဘီလျံကျော်ဖြင့် ကျပ် ၅၁ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအတွင်း ၆ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ ဇူလိုင်လတွင် ကျပ် ၃ဒသမ ၇ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သဖြင့် အနည်းဆုံး အရောင်းအဝယ် ဖြစ်ပေါ်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည့် လစဉ်အရောင်းအဝယ် ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
 

Most Read

Most Recent