ကျွန်မ သက်သတ်လွတ် စားဖြစ်တာ ဒီလထဲမှာ ကိုးနှစ်ပြည့်ပါမယ်။ သက်သတ်လွတ်စားတာ ဘာအကျိုးရှိသလဲလို့မေးရင် ကျွန်မတို့နိုင်ငံထဲက ကျွန်မပတ်ဝန်းကျင်မှာရှိသူအချို့ သက်သတ်လွတ် စားတာကို ဘယ်လိုတွေးကြသလဲ ဆိုတာကို တိုက်ရိုက် အတွေ့အကြုံနဲ့ သိခွင့်ရခဲ့ပါတယ်။ “ဘာကြောင့် သက်သတ်လွတ်စားတာလဲ” ဆိုတာကိုတော့ မကြာခဏ ဖြေရတဲ့စကားမို့ အတော်လေး စဉ်းစားဖြစ်ပေမယ့် တကယ်တမ်းမှာ ဘာအကြောင်းမှ မည်မည်ရရ ကြီးကြီးမားမား မရှိခဲ့ပါ။ ဒါကြောင့် “စားချင်လို့ ဒီလိုပဲ စားဖြစ်သွားတာ” လို့ ဖြေလေ့ရှိသလို၊ “ရာသက်ပန် စားတာလား” ဆိုတဲ့ မေးခွန်းကိုလည်း “ဘာမှကြိုစဉ်းစားမထားပါဘူး” လို့ပဲ ဖြေလေ့ရှိပါတယ်။ အသားစားသူတွေကိုတော့ “ဘာကြောင့် အသားစားကြတာလဲ” လို့ ဘယ်သူမှ မေးပုံမရပါ။ “တစ်သက်လုံး အသားပဲစားတော့မှာပေါ့နော်” လို့လည်း ဘယ်သူကမှ စူးစမ်းမယ်မထင်ပါ။ ဒါကြောင့် သူတို့မှာ အဖြေတွေကို တကူးတက ကြိုတင်စဉ်းစားနေစရာ မလိုလှပါ။ မနာလိုစရာ ကောင်းလှပါတယ်။ အသားစားခြင်းက ပုံမှန်ဖြစ်ရပ်သာဖြစ်ပြီး သက်သတ်လွတ်စားခြင်းက ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်လို့ အများက ယူဆကြတယ်လို့ ကောက်ချက်ချမိပါတယ်။အမေးခံရပါများတဲ့အခါ ရှည်ရှည်ဝေးဝေး ပြန်ဖြေဖို့ စိတ်မကူးမိပေမယ့် ကိုယ့်ဘာသာကိုယ် ရှည်ရှည်ဝေးဝေးတော့ စဉ်စားမိတတ်ပါတယ်။ သက်သတ်လွတ် စစားဖြစ်ခဲ့တဲ့ကာလက ကျွန်မအနားမှာ ရှိနေတဲ့ သူငယ်ချင်းက သက်သတ်လွတ် စားနေတဲ့သူ။ သူနဲ့ထမင်းသွားစားတိုင်း အသားမှာ စားရတာကို အားနာပြီး သက်သတ်လွတ် လိုက်စားဖြစ်နေတာက စခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ကျွန်မ ငယ်ငယ်ကတည်းက သက်သတ်လွတ် မကြာခဏ စားချင်စိတ် ရှိတာကိုလည်း ပြန်မှတ်မိဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ်ကလည်း မချက်တတ်၊ ချက်ပေးနေသူကိုလည်း မတောင်းဆိုချင်တဲ့အခါ သက်သတ်လွတ်စားတိုင်း ဖြစ်သလို စားဖြစ်တာ များတယ်လို့ မှတ်မိပါတယ်။ နေမကောင်း ဖြစ်ချိန်တွေမှာ သက်သတ်လွတ် စားတာကြောင့်လို့ ယူဆခံရတဲ့အတွက် ဆက်မစားဖြစ်တော့ပါဘူး။ ဒါ့အပြင် ကျွန်မက ငါးပိ၊ ငံပြာရည်ကို မကြိုက်တတ်သူပါ။ ငယ်စဉ်က နေမကောင်းဖြစ်ရင် “နေမကောင်းဖြစ်မှာပေါ့၊ နင်က ငါးပိမှမစားဘဲ” လို့ ပြောတတ်တဲ့ ကျွန်မမိဘတွေရဲ့ မိတ်ဆွေတွေ ရှိပါတယ်။ ငါးပိကို အများက ကြိုက်နှစ်သက်ကြတဲ့ အတွက် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ထင်မှတ်မှားခဲ့ကြသူတွေ ရှိပုံရပါတယ်။ အများနဲ့မတူခြင်းက အစားအသောက်ကလေးပဲ ကွဲပြားတာတောင် အတော်လေး အပြောအဆို ခံရပါတယ်။သက်သတ်လွတ်စားသူ သူငယ်ချင်းက စားနေတာ ခုနစ်နှစ်လောက်ရှိပြီ ဖြစ်တဲ့အပြင် ကျွန်မထက် များစွာ ကျန်းမာပုံရပါတယ်။ သူ့ကိုကြည့်ပြီး အားကျရာက၊ ငါရော အဲဒီလောက်ကြာကြာ စားနိုင်မလားလို့ ကိုယ့်ကိုယ်ကိုယ် မေးမြန်းဖြစ်ရင်း သက်သတ်လွတ်စားဖို့ စစဉ်းစားဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဘဝရဲ့ ကြီးကြီးမားမား အပြောင်းအလဲ တစ်ခုကို ကြုံရချိန်မှာ စိတ်ငြိမ်အောင် အလေ့အကျင့်သစ် တစ်ခုကို တည်ဆောက် စမ်းသပ်ကြည့်ချင်စိတ်နဲ့ စဖြစ်ခဲ့တယ်လို့လည်း ထင်ပါတယ်။ စစားစဉ်က လနဲ့တောင်ချီပြီး စားမယ်လို့ မစဉ်းစားဖြစ်ခဲ့ပါဘူး။ တစ်ရက်ချင်း ရေတွက်ရင်း သြော်... ငါ ဘယ်နှရက် သက်သတ်လွတ် စားဖြစ်သွားတယ် ဆိုတာလောက်သာ စဉ်းစားဖြစ်ခဲ့တာပါ။ အဲဒီရက်တွေက နှစ်နဲ့ချီလာတဲ့အခါ ဆက်ပြီးမရေတွက် ဖြစ်တော့ပါဘူး။ ဘာအဓိဋ္ဌာန်မှလည်း မရှိခဲ့ပါဘူး။ပြည်ပမှာ ကျောင်းသွားတက်ခဲ့စဉ်က အဲဒီနိုင်ငံက အသားတွေကို အသားစားသူတွေတောင် စားချင်စိတ် မရှိကြတာမို့ ကျွန်မတို့ နိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ သက်သတ်လွတ်နီးပါး စားဖြစ်သွားကြတယ်လို့ ကြားသိရပါတယ်။ အဲဒီတော့ သက်သတ်လွတ် စားလက်စဖြစ်သူက ပိုတောင်မှ ဆက်စားဖြစ်ပါတယ်။ ဒါ့အပြင် နေရာတိုင်းနီးပါးမှာ သက်သတ်လွတ် စားစရာကို ရွေးချယ်စရာ တစ်ခုအနေနဲ့ ထားရှိပေးတာမို့ သက်သတ်လွတ်စားရတာ အလွန်ကို လွယ်ကူပါတယ်။ ကိုယ့်ဘာသာကိုယ် အရန်သင့် ချက်စားလို့ရတဲ့ အစားအသောက်တွေထဲမှာလည်း သက်သတ်လွတ် ရွေးစရာတွေ ရှိတာမို့ အတော်လေး ပျော်စရာကောင်းပါတယ်။ သို့ပေမဲ့ နောက်ဆုံးစာသင်ကာလ အပိုင်းအခြားမှာ အနည်းငယ် နေမကောင်းချင်သလို ဖြစ်လာတဲ့အတွက် သက်သတ်လွတ် စားတာကြောင့် များလားလို့ ပူပန်ရင်း အသားပြန်စားဖို့ စဉ်းစားဖြစ်ပါသေးတယ်။ ကျွန်မနဲ့ တစ်အိမ်တည်းနေကြတဲ့ သူငယ်ချင်းတွေကလည်း ကျွန်မအသား ပြန်စားမယ်ဆိုတာကို အလွန်ပျော်ရွှင်စွာ အားပေး ထောက်ခံကြပါတယ်။ တစ်ယောက်က တူရကီနိုင်ငံသူ၊ တစ်ယောက်က အမေရိကန်နိုင်ငံသားပါ။ ကျွန်မထက် ၁၀ နှစ်မက ငယ်ရွယ်သူ စုံတွဲ ဖြစ်ပါတယ်။ အားပေးသူတွေ ဘေးမှာရှိပေမယ့် ဘယ်လိုမှ ပြန်စားလို့ မရတဲ့အတွက် ကျွန်မ သက်သတ်လွတ်ပဲ ဆက်စားဖြစ်ခဲ့ပါတယ်။တကယ်တော့ အသားစားတာ၊ မစားတာက ရွေးချယ်မှုနဲ့ အလေ့အကျင့်သာ ဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်မရဲ့ လက်ရှိအမြင်အရတော့ “အသားမစားဘဲ နေနိုင်တယ်နော်” လို့ အခြားသူတွေကို အံ့သြနေစရာ မလိုသလို၊ ကိုယ့်ဘာသာကိုယ် အသားစား ဖြစ်နေတာကိုလည်း စိတ်မသက်မသာ ဖြစ်စရာ မရှိလှပါဘူး။ အသားမစားသူတွေက အသားစားသူတွေကို စော်ကားနေတယ်လို့ မထင်ဖြစ်ကြဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် အမြင်တွေစောင်းပြီး ဟာမိုနီတွေ ပျက်ကုန်နိုင်ပါတယ်။ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဝေးလံခေါင်ဖျား ဒေသတချို့ကို သွားခဲ့ရပါတယ်။ အဲဒီကာလတွေမှာတော့ သက်သတ်လွတ် စားဖြစ်ခဲ့တာကို ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။ ဈေးထဲက အသားဝယ်ချက်လို့ရတဲ့ နေရာမျိုး မဟုတ်တဲ့ အတွက် အသားစားတယ်ဆိုရင် အိမ်မှာရှိတဲ့ ကြက်တွေကို ရိုက်သတ် ချက်ကျွေးမယ့် နေရာမျိုးတွေပါ။ အဲဒီလို အနေအထားတွေကြောင့် သူငယ်ချင်း တစ်ဦးကလည်း သူနယ်ဆင်းတဲ့ ကာလတွေဆိုရင်တော့ သက်သတ်လွတ်ပဲ စားတယ်လို့ ပြောဖူးပါတယ်။ တစ်ခါက နိုင်ငံခြားသူ တစ်ဦးက သက်သတ်လွတ်စားသူ အခြားနိုင်ငံခြားသူ တစ်ဦးနဲ့ ကျွန်မကို “မြန်မာနိုင်ငံမှာ သက်သတ်လွတ်စားရတာ လွယ်သလား” လို့ မေးခဲ့ဖူးပါတယ်။ အမေးခံရသူ နှစ်ယောက်က တစ်ပြိုင်နက်တည်း ဖြေမိကြပါတယ်။ သို့ပေမဲ့ အဖြေက အတော်လေး ကွဲပြားပါတယ်။ နိုင်ငံခြားသူက “သိပ်ကိုလွယ်တာပေါ့” လို့ ဖြေပြီး ကျွန်မက “မလွယ်ဘူး” လို့ ဖြေမိပါတယ်။ နိုင်ငံခြားသူတစ်ဦး သက်သတ်လွတ် စားတာကို မြင်တဲ့အမြင်နဲ့ မြန်မာလူမျိုး အမျိုးသမီးတစ်ဦး သက်သတ်လွတ်စားတာကို မြင်တဲ့အမြင် ကွဲပြားမှုကြောင့် ဖြစ်မယ်ထင်ပါတယ်။ သွားလာရတဲ့ အရပ်ဒေသတွေ ကွာခြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။သက်သတ်လွတ် စားတာနဲ့ ပတ်သက်လို့ မြင်ကြတဲ့ အမြင်တွေထဲက တစ်ခုက သက်သတ်လွတ် စားတယ်ဆိုတာ ထိန်းချုပ်နိုင်စွမ်း၊ ခြိုးခြံနိုင်စွမ်းရှိလို့ စားကြတာ၊ အဲဒီတော့ ဘာနဲ့မဆို စားနိုင်ရမယ် ဆိုတာပါ။ တကယ်တော့ သက်သတ်လွတ် စားသူတွေလည်း ကောင်းကောင်းမွန်မွန် စားချင်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့အတွက် သက်သတ်လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ နေ့စဉ်စားနေတဲ့ အစားအစာတွေမှာ အဓိက အာဟာရ အုပ်စုတွေ သင့်တင့်မျှတစွာ ပါဝင်နေဖို့ လိုအပ်ပါတယ်။ သက်သတ်လွတ်ကို ကောင်းမွန်အောင်၊ အရသာရှိအောင် ချက်လို့ရသလို၊ အာဟာရပြည့်အောင်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း ချက်လို့ရပါတယ်။ မြို့ကြီးတွေရဲ့ လမ်းဘေးဆိုင် အများစုနဲ့ သာမန် စားသောက်ဆိုင် အများစုမှာ သက်သတ်လွတ် မှာစားရတာ ခက်ခဲလေ့ မရှိပေမယ့် ဟိုတယ်ကြီးတွေက ဘူဖေးစားစရာတွေမှာ သက်သတ်လွတ် တစ်ပွဲ၊ တစ်ရံကလေးတောင်မှ မပါတဲ့ အနေအထားမျိုးတွေကို ကြုံဖူးပါတယ်။ သက်သတ်လွတ် စားမယ်ဆိုရင် သီးခြားမှာ ယူရပါသတဲ့။ အဲဒါကတော့ အလွန်အကျွံ တစ်ဖက်စောင်းနင်းကို ရောက်သွားတယ်လို့ ထင်ပါတယ်။ များပြားလှတဲ့ အစားအသောက်တွေကြားထဲမှာ သက်သတ်လွတ် ထမင်းကြော် တစ်ပွဲ ဒါမှမဟုတ် ထမင်းဖြူနဲ့ သက်သတ်လွတ် အရွက်ကြော် တစ်ခုလောက် ထည့်ထားရင် အသားစားသူတွေလည်း ဘာမှစိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲလို့ သူတို့ကို မေးကြည့်တဲ့အခါ များသောအားဖြင့် သက်သတ်လွတ် စားသူတွေ မရှိတာကြောင့်လို့ ဖြေကြပါတယ်။ကျွန်မက ကိုယ်တိုင်သက်သတ်လွတ် စားနေပေမယ့် သူတစ်ပါးကို သက်သတ်လွတ်စားဖို့ တိုက်တွန်းလေ့ မရှိပါဘူး။ ဒါပေမဲ့ ခုတစ်လောမှာတော့ အခုလို မကြာခဏ တွေးဖြစ်နေပါတယ်။ သက်သတ်လွတ် စားသူတွေ များလာရင် ဆိုင်တွေမှာ သက်သတ်လွတ် အစားအစာ ကောင်းကောင်းတွေ ပိုရောင်းလာကြမယ်၊ တိုက်ဆိုင်လို့ ဟိုတယ်က ဘူဖေးတွေမှာ စားရလည်း သီးခြားမှာ ယူနေစရာ မလိုတော့ဘဲ သက်သတ်လွတ် အစားအစာတွေကို လူမသိ သူမသိ တိတ်ဆိတ်စွာ ယူစားလို့ရမယ့် အနေအထားမျိုး ရောက်လာမယ်၊ အိမ်နီးချင်း နိုင်ငံအချို့မှာလို သက်သတ်လွတ်ချည်းပဲ ရောင်းတဲ့ စားသောက်ဆိုင်တွေ ပေါများလာတဲ့အခါ ရွေးစရာတွေ ပိုများလာမယ်။ ဘာကြောင့် သက်သတ်လွတ် စားနေတာလဲလို့ အမေးခံနေရတာတွေလည်း လျော့ပါးလာမယ်လို့ပါ။ လက်ရှိမှာ သက်သတ်လွတ်စား ဖြစ်နေသူ တစ်ဦးရဲ့ အတ္တအတွေးတွေသာ ဖြစ်ပါတယ်။ ရေးလက်စ ဆောင်းပါးလေးတွေကို စိတ်တိုင်းမကျသေးတဲ့အတွက် အတွေးဆောင်းပါးလေး တစ်ပုဒ်ကို အစားထိုး မျှပေးခြင်းလည်း ဖြစ်ပါတယ်။










