လုပ်ငန်း အမျိုးအစားအလိုက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အသုံးပြုရန် လာရောက် လျှောက်ထားမှုများကို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အသုံးပြု အကောင်အထည် ဖော်နိုင်မည့် အခြေအနေ ရှိ/မရှိ သေချာစစ်ဆေး စိစစ်ရမည်ဖြစ်ကြောင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။ယင်းကော်မတီကို ဇွန် ၂၀ ရက်တွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ကျူးကျော် ဝင်ရောက်ကြသည့် ပြဿနာများ၊ မြေကို ရယူထားပြီး လက်လွှဲရောင်းချခြင်း၊ မြေကို ရယူထားပြီး သတ်မှတ် ကာလအတွင်း အကောင်အထည် မဖော်ကြခြင်းများကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ မူဝါဒ တိတိကျကျ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကော်မတီ ဥက္ကဋ္ဌနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာအောင်သူက ပြောကြားသည်။ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုပြီး စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံ ဆောင်ရွက်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖြစ်စေရန် စီမံခန့်ခွဲရေး ဗဟိုကော်မတီ အဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် မူဝါဒ ချမှတ်နိုင်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုပြီး စီးပွားဖြစ် ဆောင်ရွက်မည့် လုပ်ငန်းများအား ထိရောက် မှန်ကန်စွာ အသုံးချစီမံ ဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုရန် လျှောက်ထားနိုင်သော လုပ်ငန်းများမှာ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သော လုပ်ငန်းများဖြစ်ပြီး ကော်မတီက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အမှန်တကယ် အကောင်အထည် ဖော်နိုင်မှု ရှိ/မရှိ စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း ပြုလုပ်မည် ဖြစ်သည်။လုပ်ငန်းအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားရယူနိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတော်နှင့် သံအဆက်အသွယ်ရှိသော နိုင်ငံခြား သံတမန် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြား မည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အအစည်း တစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊ ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ကိုင်လိုသူများတို့ ဖြစ်သည်။
လုပ်ငန်း အမျိုးအစားအလိုက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အသုံးပြုရန် လာရောက် လျှောက်ထားမှုများကို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အမှန်တကယ် အကောင်အထည် ဖော်နိုင်မည့် အခြေအနေ ရှိ၊ မရှိ စိစစ် ခွင့်ပြုမည်