မိုင်ဂျာယန် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို သုံးသပ်ဆွေးနွေးရာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီစသည့် သုံးပွင့်ဆိုင် ကိုယ်စားပြုမှုစနစ်အပေါ် ဆက်လက်အခြေခံသွားရန် ဘုံသဘောထားချမှတ်

မိုင်ဂျာယန် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို သုံးသပ်ဆွေးနွေးရာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီစသည့် သုံးပွင့်ဆိုင် ကိုယ်စားပြုမှုစနစ်အပေါ် ဆက်လက်အခြေခံသွားရန် ဘုံသဘောထားချမှတ်
Published 29 July 2016

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် ၂၉ ရက်က ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ကျင်းပရာ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို သုံးသပ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ကိုယ်စားပြုမှုနှင့် စုဖွဲ့မှုပုံစံနှင့် ပတ်သက်၍ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည့်သုံးပွင့်ဆိုင် ကိုယ်စားပြုမှုစနစ်အပေါ် ဆက်လက်အခြေခံသွားရန် ဘုံသဘောထား ချမှတ်ခဲ့ကြောင်း သိရသည်။အစည်းအဝေး စတုတ္ထနေ့တွင် တက်ရောက်လာသည့် ခေါင်းဆောင်ကိုယ်စားလှယ်များက နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ချက်တွင် ပါရှိသော ကိုယ်စားပြုမှုနှင့် စုဖွဲ့မှု၊ ဆုံးဖြတ်ချက် ချမှတ်သည့်ပုံစံ၊ ဆွေးနွေးမည့် အကြောင်းအရာများနှင့် နိုင်ငံရေး ဆွေးနွေးမှုပုံစံ အဆင့်ဆင့်ကို အပြန်အလှန် ဆွေးနွေး၍ ဘုံသဘောထားများ စုစည်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးအပြီး ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်သည့် အစုအဖွဲ့ပုံစံနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများစသည့် အစုအဖွဲ့ (၇) စုပုံစံဖြင့် ပြဋ္ဌာန်းထားသည်။အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “အရာရာကို သဘောကတော့ ခုနစ်ခုပုံစံနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုး ချမှတ်ထားတဲ့ အပေါ်မှာ ဒီဝိုင်းထဲမှာတော့ လက်မခံဘူးဗျ။ ဒီဝိုင်းထဲမှာ တို့လက်ခံတဲ့ အပိုင်းကတော့ အားလုံးသဘောတူ လက်ခံလိုက်တာကတော့ အရင်ဆုံးဖြတ်ပြီးတဲ့ ပုံစံအတိုင်းပဲ သုံးပွင့်ဆိုင်ပါပဲ။ သုံးပွင့်ဆိုင်ဆိုတဲ့အထဲမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ဆိုတာက တစ်ပွင့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တစ်ပွင့်၊ နိုင်ငံရေးပါတီတွေက တစ်ပွင့် အဲဒီအဓိက သုံးပွင့်ကပဲ တက်ရောက်ဖို့နဲ့ ကျန်တဲ့အင်အားစုတွေ အရပ်ဘက် အဖွဲ့အစည်းတွေက သက်ဆိုင်ရာ ကဏ္ဍတွေမှာ ပါဝင်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောထားမျိုး ဒီမှာသဘောတူပါတယ်” ဟုပြောကြားသည်။အစည်းအဝေး စတုတ္ထနေ့ သတင်းထုတ်ပြန်ချက်တွင်လည်း နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ် ခေါင်းစဉ်ကြီး ငါးခုအား အဓိကထား ဆွေးနွေးသွားရန်လည်း ဘုံသဘောထား ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လုပ်ဆောင်နေသည့် အစိုးရသစ်အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးရန် အဆိုပြုထားသည်။ ကျန်ကိစ္စရပ်များကိုမူ ညီလာခံနှင့်အတူ တစ်ပြိုင်တည်း ကျင်းပမည့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တွင် ဆွေးနွေးရန် အစိုးရဘက်က မူချမှတ်ထားသည်။NCA စာချုပ်အရ ရက်ပေါင်း ၉၀ အတွင်း ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ အစိုးရဘက်က ၇၀၊ လွှတ်တော်များဘက်မှ ၆၉ ဦး၊ တပ်မတော်မှ ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ ၁၃၅ ဦး၊ နိုင်ငံရေး ပါတီများမှ ၁၃၇ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ်များမှ ၄၅ ဦး၊ ပါဝင်သင့် ပါဝင်ထိုက်သူများမှ ၄၂ ဦးတက်ရောက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများစသည့် ကဏ္ဍများကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံတွင် မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခြင်း မရှိဘဲ ဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းသာ ပြုလုပ်ခဲ့သည်။လက်ရှိအစိုးရအနေဖြင့် ယခုသြဂုတ်လအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပနိုင်ရန် ကြိုးစားနေပြီး လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် လိုအပ်ချက်များ၊ ဖောင်းပွနေခြင်းများ ရှိနိုင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည့် မူဘောင်တစ်ခု ရရှိအောင် လုပ်ဆောင်လျက်ရှိသည်။ထိုသို့ဆောင်ရွက်နိုင်ရန် NCA လက်မှတ်ထိုးထားသးည့် တိုင်းရင်းသား အဖွဲ့များသာမက မထိုးရသေးသည့် အဖွဲ့များပါ ပါဝင်နိုင်ရေး ညှိနှိုင်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ၂၁ ရာစုပင်လုံတွင် ပါဝင်နိုင်ရေး နိုင်ငံရေးမူဘောင်တွင် ပါဝင်ပြင်ဆင်နိုင်ရေးအတွက် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူကျင်းပနေခြင်းဖြစ်သည်။

Most Read

Most Recent