အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် တန်ချိန် ၇ ဒသမ ၆ သန်းအထိ ရှိနေပြီး ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန် မြန်မာနှင့် အာဖရိကနိုင်ငံများမှ ဝယ်ယူတင်သွင်းရန် ပြင်ဆင်နေ

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် တန်ချိန် ၇ ဒသမ ၆ သန်းအထိ ရှိနေပြီး ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန် မြန်မာနှင့် အာဖရိကနိုင်ငံများမှ ဝယ်ယူတင်သွင်းရန် ပြင်ဆင်နေ
Published 29 July 2016
စည်သူအောင်

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် တန် ချိန် ၇ ဒသမ ၆ သန်းအထိ ရှိနေပြီး ကုလားပဲကဲ့သို့ အဓိက စားသုံးနေသည့်ပဲများ လိုအပ်ချက် ပြည့်မီစေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန် မြန်မာနှင့် အာဖရိကနိုင်ငံများမှ ဝယ်ယူတင်သွင်းရန် ပြင်ဆင်နေကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan ၏ ပြောကြားချက်ကို ကိုးကားပြီး Reuters (မွမ်ဘိုင်း) သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့ပဲစားသုံးမှုနှင့် ဝယ်ယူတင်သွင်းမှု အများဆုံး နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း နှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်နေပြီး အခြေခံစားသောက်ကုန်များ ဖြစ်သော ပဲ၊ သကြားနဲ့ ဟင်းသီးဟင်းရွက် စသည်တို့ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အစိုးရက ဖြေရှင်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
“အိန္ဒိယရဲ့ ပဲထုတ်လုပ်နိုင်စွမ်းနဲ့ စားသုံးမှုက တန်ချိန် ၇ ဒသမ ၆ သန်းလောက် ကွာဟနေပါတယ်။ ဒါကိုဖြေရှင်းဖို့က ပြည်ပကနေ တင်သွင်းဖို့ပါပဲ” ဟု Paswan က ပြောကြားသည်။
နိုင်ငံအတွင်း ပဲလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန် အချို့နိုင်ငံများနှင့် အစိုးရချင်း သဘောတူညီမှုဖြင့် ပဲဝယ်ယူ တင်သွင်းရန်လည်း စီစဉ်နေကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ပဲတန်ချိန် ၂၂ သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး လွန်ခဲ့သည့် နှစ်နှစ်ကထက် ပမာဏ ပိုမိုထွက်ရှိခြင်း ဖြစ်သော်လည်း ရာသီဥတု ပြောင်းလဲမှု များပြားခြင်းနှင့် ဆည်ရေရရှိမှု ပြဿနာများကြောင့် လာမည့်နှစ်များအတွက် ပဲအထွက်နှုန်းကို ခန့်မှန်းရ ခက်ခဲစေကြောင်း သိရသည်။
ယခုနှစ်အတွင်း ပဲပိုမိုထွက်ရှိမှုကြောင့် အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေခံ စားသုံးကုန် ဈေးနှုန်းမြင့်တက်မှု အခက်အခဲကို လျော့ကျစေမည်ဖြစ်ပြီး ပဲလိုအပ်ချက်အတွက် သင့်တင့်သော ဈေးနှုန်းများဖြင့် ပြည်ပနိုင်ငံများမှ ဝယ်ယူနိုင်ရန် အတွက်လည်း အထောက်အကူ ဖြစ်စေနိုင်မည်ဟု အိန္ဒိယအစိုးရက မျှော်မှန်းထားသည်။
ပဲပိုမိုထွက်ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ၂၀၁၆ ခုနှစ်အတွက် ပဲစားသုံးမှုမှာ တန်ချိန် ၂၉ သန်းကျော် ရှိမည်ဟု မျှော်မှန်းထားပြီး လိုအပ်ချက် ဖြစ်ပေါ်နေသည့် တန်ချိန် ခုနစ်သန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းရမည်ဖြစ်သည်။ အိန္ဒိယအစိုးရက လတ်တလော မိုဇမ်ဘစ်နိုင်ငံမှ တန်ချိန်နှစ်သိန်းနှင့် မြန်မာနိုင်ငံမှ တန်ချိန် နှစ်သိန်းတင်သွင်းရန် လျာထားကြောင်း ဇူလိုင်လဆန်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း စာနပ်ရိက္ခာ ဖူလုံစေရန်အတွက် အိန္ဒိယက အစိုးရ အစီအစဉ်ဖြင့် ပဲတန်ချိန် ရှစ်သိန်းခန့်အထိ သိုလှောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပဲများဝယ်ယူရန် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီမှုစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။