အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒကို မကြာမီ ထုတ်ပြန်မည်

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒကို မကြာမီ ထုတ်ပြန်မည်
Published 29 July 2016
နီလာ

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒကို လက်ရှိအချိန်တွင် သုံးသပ်လျက်ရှိပြီး မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ဇူလိုင်၂၉ ရက်က ပြောကြားသည်။“ရင်းနှီးမြှုပ်နှံမှု မူဝါဒက ထုတ်ပြန်ဖို့ရှိတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်သေးဘူး။ စီးပွားရေးမူဝါဒပြီးမှ အဲဒီကိစ္စကို လုပ်မယ်ပေါ့။ ဒါကိုဆွဲနေဆဲပဲ။ အတည်ပြုချက် မရသေးပါဘူး။ မကြာခင်တော့ ထုတ်ပြန်ပေးသွားမယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာခြောက်ဘီလျံအထိ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာ၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဲ့သို့ လုပ်ငန်းများကို အဓိကထား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။“ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်ကဏ္ဍတွေကို ဦးစားပေးမယ် ဆိုတာကတော့ နည်းနည်းအပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒါကတော့ လူကြီးတွေ စဉ်းစားပြီးတဲ့အခါမှာ ဖြည့်ချင်ဖြည့်မယ်။ လျှော့ချင်လည်း လျှော့မယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် မည်သည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည်ဆိုသည့် ပေါ်လစီကို  စဉ်းစားဆွေးနွေးလျက်ရှိကြောင်းနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်သို့ မရောက်သေးကြောင်း၊ အစိုးရသစ်လက်ထက် ပထမဆုံး အစည်းအဝေးတွင် လုပ်သားအင်အား အများအပြား အသုံးပြုရသည့် လုပ်ငန်းများ၊ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မည့် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ဆက်လက်ပြီးလည်း တိုင်းပြည်အတွက် အခြေခံ အဆောက်အအုံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ယင်းနှစ်ခုကို မူပိုင်းဆိုင်ရာ အနေဖြင့် စဉ်းစားခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။ပထမဆုံး အစည်းအဝေးတွင် စီမံကိန်းရှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယင်းမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသုံးသန်းရှိကြောင်းနှင့် လာမည့်အစည်းအဝေးများတွင် ကြီးမားသည့် စီမံကိန်းများကို ဆက်လက်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။