ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း၍ သီးနှံအာမခံကို မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း၍ သီးနှံအာမခံကို မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်
Published 27 July 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း၍ ပထမဆုံးအဖြစ် သီးနှံအာမခံကို မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Sompo Japan Nipp onkoa Insurance Inc ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်၌ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။“ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ ဒီသီးနှံအာမခံကို လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာကတော့ အခုမှစတင် မိတ်ဆက်ပြီးတော့ နည်းပညာပိုင်းတွေကို ပံ့ပိုး ကူညီသွားမှာပါ။ မြန်မာနိုင်ငံမှာ မိုးလေဝသနဲ့ ပတ်သက်တဲ့ Station က နည်းသေးတဲ့အတွက် ဒေတာအတိအကျ ကောက်ယူဖို့က အခက်အခဲ ဖြစ်နေပါသေးတယ်။ ဒီလို အခက်အခဲတွေ ရှိနေသေးတဲ့ အတွက် ဂြိုဟ်တု၊ ဓာတ်ပုံနည်းပညာတွေကို သုံးပြီးတော့ မိုးလေဝသနဲ့ ပတ်သက်တဲ့ မိုးရေချိန်တွေကို ကြည့်ပြီးတော့ Satellite နည်းပညာကို အသုံးပြုသွားမှာပါ” ဟု အဆိုပါ သီးနှံ အာမခံနှင့် ပတ်သက်ကာ ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်နိုင်ငံ Sompo Japan Nipponkoa Insurance Inc ကုမ္ပဏီမှ Mr.Keiji Okada က ပြောကြားသည်။သီးနှံ အာမခံကို အကောင်အထည်ဖော်ရန် အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် ၂၀၁၄ ခုနှစ် အတွင်းကပင် သင်တန်းများ ပို့ချခြင်းများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံမှ အဓိက အကူအညီ ရယူသွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် မြန်မာ့အာမခံ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ယခုကဲ့သို့ ပထမဆုံးအကြိမ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ သီးနှံအာမခံကို ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံ အနေဖြင့် အကျိုးအမြတ် မယူဘဲ နည်းပညာပိုင်း ဆိုင်ရာများကို ပံ့ပိုး ကူညီပေးခြင်းဖြစ်ပြီး ယခုဖော်ဆောင်မည့် အာမခံစနစ်မှာ မိုးရေချိန်ပေါ် မူတည်ကာ ပျက်စီးဆုံးရှုံးမှုများကို အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများထံမှ သိရသည်။“မြန်မာနိုင်ငံမှာ သီးနှံ အာမခံက ပေါ်သင့်တာကြာပြီ။ တောင်သူတွေ အနေနဲ့ ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးရတဲ့ အခါမျိုးတွေမှာ အာမခံစနစ် တစ်ခုနဲ့သာ Cover လုပ်ထားနိုင်ရင် ဆုံးရှုံးမှုတွေကို ပြန်လည်ကာမိနိုင်တယ်။ ကျွန်မတို့ကတော့ ဒီအာမခံကို ကြိုဆိုပါတယ်” ဟု လက်ပံတန်းကျေးရွာရှိ တောင်သူ တစ်ဦးဖြစ်သည့် ဒေါ်ရွှေသိန်းက ပြောကြားသည်။

Most Read

Most Recent