ရှမ်းပြည်နယ် ပင်လုံမြို့ ကျောက်တိုင်ကွင်း၌ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆိုင်းငံ့ရန် အကြောင်းကြားထားသည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားလူငယ်ကွန်ဂရက်အနေဖြင့် လူငယ်ထု၏ အခွင့်အရေးနှင့် လူငယ်ထု သွေးစည်းညီညွတ်ရေးကို ဦးတည်ကြိုးပမ်းနေသည့်အလျောက် လူငယ်အများ စုဝေးညှိနှိုင်း တိုင်ပင်နှီးနှောဖလှယ်ကြမည့် လူငယ်ညီလာခံများ၊ ဖိုရမ်များ၊ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းကို ထောက်ခံအားပေးလျက် ရှိကြောင်း၊ လူငယ်ထု၏ ဆန္ဒကို မျက်ကွယ်ပြု၍ ထိုကဲ့သို့ တိုင်းရင်းသားလူငယ်များ တွေ့ဆုံကြမည့် ညီလာခံကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ခွင့်ပြုမိန့်ဆိုင်းငံ့ထားရန် အမိန့်စာ ထုတ်ပြန်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည့်အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် လူငယ်များ၏ ကြိုးပမ်းချက်များအပေါ် ဖိနှိပ်မှုတစ်ရပ် ဖြစ်သောကြောင့် အမျိုးသားလူငယ်ကွန်ဂရက်အနေဖြင့် ဤလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်အညီ ကျင်းပသော တိုင်းရင်းသားလူငယ်များ ညီလာခံကို အမြန်ဆုံး ကျင်းပခွင့်ပေးရန်နှင့် ဝန်ကြီးချုပ်အနေဖြင့် လူငယ်များကို လက်ခံတွေ့ဆုံပေးရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်အထိ ပင်လုံမြို့ကျောက်တိုင်ကွင်း၌ ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံအား ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာသန်းမောင်က လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့် ဆိုင်းငံ့သည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက် ထုတ်ပြန်















