ချီလီ၊ အီဂျစ်၊ အီရန်နှင့်မော်ရိုကို နိုင်ငံများက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုမှုရှိခဲ့ပြီး အဆိုပါ တောင်းဆိုချက်ကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက သဘောတူညီခဲ့ကြောင်း သိရသည်။ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ပြုလုပ်သော ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူခဲ့ခြင်း ဖြစ်သည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နှစ် ၄၀ မြောက် ငြိမ်းချမ်းစွာနေထိုင်ရေး အရှေ့တောင်အာရှနှင့် ပူးပေါင်းဆောင်ရွက်ရေး (TAC) အပေါ် ကြေညာချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့ပြီး TAC တွင် ချီလီ၊ အီဂျစ်၊ အီရန် နှင့် aမာ်ရိုကိုနိုင်ငံများ ဝင်ရောက်ခွင့် တောင်းဆိုချက်ကိုပါ တစ်ပါတည်း သဘောတူညီခဲ့ခြင်း ဖြစ်သည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၂၀၂၅ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်၊ ၂၀၁၅ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း အကောင်အထည်ဖော်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ထို့အတူ ၂၀၁၇ ခုနှစ်အတွက် အာဆီယံအစိုးရများအကြား လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး AICHER ၏ ဦးစားပေးလုပ်ငန်းများ၊ အစီအစဉ်များနှင့် ဘတ်ဂျက်ကိစ္စများကို အတည်ပြုခဲ့ကြသည်။ထို့အပြင် အာဆီယံ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး၊ ဒေသတွင်းအဖွဲ့အစည်းများ၏ အာဆီယံ၌ အရေးပါမှု၊ အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ အရှေ့အလယ်ပိုင်း၊ ကိုရီးယားကျွန်းဆွယ် အရေးနှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း အခြေအနေများကိုပါ ဆွေးနွေးခဲ့ကြသည်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ချက် မရှိခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင် ၂၅ ရက်တွင် အာဆီယံ မိတ်ဖက်နိုင်ငံများနှင့်လည်းကောင်း၊ ဇူလိုင် ၂၆ ရက်တွင် အရှေ့အာရှနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသတွင်း ဖိုရမ်တို့ကို ဆက်လက်ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။
ချီလီ၊ အီဂျစ်၊ အီရန်နှင့် မော်ရိုကိုနိုင်ငံများ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက် အဆိုပြုချက်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ