မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ အခြေခံ အဆောက်အအုံသည် အာဆီယံ နိုင်ငံများတွင် အနိမ့်ကျဆုံးဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟု အာရှဖွံ့ဖြိုးရေးဘဏ် သုံးသပ်

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ အခြေခံ အဆောက်အအုံသည် အာဆီယံ နိုင်ငံများတွင် အနိမ့်ကျဆုံးဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟု အာရှဖွံ့ဖြိုးရေးဘဏ် သုံးသပ်
Published 23 July 2016
စည်သူအောင်

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ အခြေခံ အဆောက်အအုံသည် အာဆီယံ နိုင်ငံများတွင် အနိမ့်ကျဆုံးဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်သော မူဝါဒဆိုင်ရာ စာတမ်းသစ်တွင် သုံးသပ်ထားသည်။မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်သည့် မြင့်မားသော အလားအလာကို ရရှိ ပိုင်ဆိုင်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုတို့ကို လျှော့ချနိုင်စေရန် ပို့ဆောင်ရေး ကဏ္ဍရှိ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများနှင့် ရှေ့ဆောင်လှုပ်ရှားမှု အသစ်များက တွန်းအားပြု မောင်းနှင်ပေးနိုင်မည်ဟု ADB က ဆိုသည်။ယင်းဘဏ်က ရေးဆွဲသော ပို့ဆောင်ရေးကဏ္ဍ မူဝါဒဆိုင်ရာ စာတမ်းတွင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးဆိုင်ရာ အခြေအနေ လွှမ်းခြုံ သုံးသပ်ချက်ကို တင်ပြထားပြီး ကာလတို၊ ကာလလတ်နှင့် ကာလရှည်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်များကို ဖော်ထုတ်ထားခြင်းဖြစ်သည်။မြန်မာ အစိုးရနှင့် အခြား အဓိကကျသော ပါဝင်ပတ်သက်သူများ အနေဖြင့် ပို့ဆောင်ရေး ကဏ္ဍကို ရေရှည် တည်တံ့စေရန် မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သည့် ဖွံံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရာတွင် သက်ရောက်မှု ကြီးမားသည့် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အကူအညီ ပြုနိုင်ရန် ADB က မျှော်မှန်းထားသည်။“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အလားအလာကောင်းတွေနဲ့ ပြည့်ဝနေပါတယ်။ ဆင်းရဲ နွမ်းပါးမှုကို တိုက်ဖျက်ဖို့နဲ့ လူတိုင်းအတွက် ဖွံ့ဖြိုးတိုးတက်မှု သေချာစေဖို့အတွက် နိုင်ငံတော်ရဲ့ ပေါကြွယ်ဝတဲ့ ကိုယ်ပိုင် အရင်းအမြစ်တွေကို အသုံးချဖို့ အစိုးရသစ်က အသင့် ဖြစ်နေပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ ခေတ်မီပြီး လုံခြုံစိတ်ချရတဲ့ ပို့ဆောင်ရေး စနစ်တစ်ခုကို အားလုံးအတွက် အသုံးပြုနိုင်အောင် ဖန်တီး ပေးအပ်တာကလည်း ပါဝင်ပါတယ်” ဟု ADB ၏ အသိပညာ စီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးများ ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Bambang Susantono က ဆိုသည်။မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၂၀ သို့ မဟုတ် ကျေးလက်နေ လူဦးရေ၏ ထက်ဝက်ခန့်သည် ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းများ မရှိသည့် ကျေးရွာများတွင် နေထိုင်နေခြင်း ဖြစ်သည်။ ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံအရ မြန်မာနိုင်ငံသည် အခြား အရှေ့တောင်အာရှ နိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျလျက်ရှိပြီး ၂၀၃၀ အရောက်တွင် ပို့ဆောင်ရေး ရင်းနှီးမြှုပ်နှံမှုအတွက် ဒေါ်လာ ၄၅ ဘီလျံမှ ဘီလျံ ၆၀ အထိ လိုအပ်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ အဖွဲ့အစည်းများ၊ မူဘောင်များကို ခေတ်မီစေခြင်း၊ ဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်ခြင်းများ အားကောင်းစေခြင်းများ လုပ်ဆောင်သင့်ကြောင်း ADB က သုံးသပ်ထားသည်။ယခု အစီရင်ခံစာတွင် မူဝါဒဆိုင်ရာ မူဘောင်များနှင့် ကဏ္ဍခွဲ ပြန်လည်သုံးသပ်ချက်များ ပါဝင်ပြီး မူဝါဒ ချမှတ်သူများ၊ ဘဏ္ဍာရေးအရ ပံ့ပိုးသူများနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မီးရထား၊ မြစ်ကြောင်းပို့ဆောင်ရေး၊ ကျေးလက်လမ်းများ ရရှိအသုံးပြုနိုင်ရေး၊ အဝေးပြေး လမ်းမကြီးများနှင့် မြို့ပြပို့ဆောင်ရေးတို့အတွက် ပို့ဆောင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး စီစဉ်နိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ ထို့ပြင် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လမ်းအသုံးပြုခ ဆိုင်ရာ အကြောင်းအရာအလိုက် အစီရင်ခံစာများလည်း အစိတ်အပိုင်းအဖြစ် ပါဝင်ကြောင်း သိရသည်။