၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်ကျွမ်းမှုများအနက် မန္တလေးတိုင်းဒေသကြီးမှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။နှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ခဲ့သော မန္တလေးတိုင်းဒေသကြီးမှာ မီးလောင်ကျွမ်းမှု ၁၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေ အဆောက်အအုံ ၅၁၄ လုံး၊ စက်ရုံ အလုပ်ရုံနှစ်ရုံ၊ ဂိုဒေါင်လေးလုံး မီးလောင်ကျွမ်းခဲ့ပြီး၊ လေးဦး သေဆုံးကာ လူဦးရေ ၄၀၀ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရပြီး ကျပ်သန်းပေါင်း ၁၁၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုများကြောင့် ဆုံးရှုံးမှု တန်ဖိုး အများဆုံးဖြစ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှု ၁၁၇ ကြိမ် မီးလောင်ကျွမ်းပြီး မီးလောင်မှုများကြောင့် ကျပ်သန်းပေါင်း ၃၆၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှုများမှာ ကချင်ပြည်နယ်တွင် ၅၁ ကြိမ်၊ ကယားပြည်နယ်တွင် ၁၆ ကြိမ်၊ ကရင်ပြည်နယ်တွင် ၂၆ ကြိမ်၊ ချင်းပြည်နယ်တွင် အကြိမ် ၂၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အကြိမ် ၁၁၀၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၄၁ ကြိမ်၊ နေပြည်တော်တွင် ၁၃၈ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် အကြိမ် ၁၁၀၊ မကွေးတိုင်းတွင် ၁၁၃ ကြိမ်၊ မွန်ပြည်နယ်တွင် ၄၁ ကြိမ်၊ ရခိုင်ပြည်တွင် ၄၅ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၁၆၂ ကြိမ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၈၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ နှစ်ဝက်အတွင်း မီးလောင်မှုများတွင် နိုင်ငံတစ်ဝန်းလုံး၌ မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်စဉ် ၂၄၄ ကြိမ်၊ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စဉ် ၃၄၈ ကြိမ်၊ အလိုအလျောက်လောင်သော မီးမှာ ၃၃ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီးမှာ ၂၄၄ ကြိမ်၊ မသမာသူ ရှို့မီးမှာ ၁၀၄ ကြိမ်၊ တောမီးမှာ ၂၃၇ ကြိမ်နှင့် သောင်ကျန်းသူ ရှို့မီးမှာ သုံးကြိမ်၊ စုံစမ်းဆဲ မီးလောင်မှု ငါးကြိမ်၊ မိုးကြိုးပစ်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။နှစ်ဝက်အတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်နဝါရီတွင် ၁၇၈ ကြိမ်၊ ဖေဖော်ဝါရီတွင် အကြိမ်၂၃၀ ဖြစ်ပွားခဲ့ပြီး၊ မတ်တွင်၂၈၄ ကြိမ်၊ ဧပြီတွင် အကြိမ် ၂၃၀၊ မေတွင် ၁၈၄ ကြိမ်နှင့် ဇွန်လတွင် မီးလောင်ကျွမ်းမှု ၆၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယခုနှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှု များကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေအဆောက်အအုံ ၄၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ၃၅ ဦး သေဆုံးကာ လူဦးရေ ၁၀၀၀၀ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်ဝက်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် မန္တလေးတိုင်းဒေသကြီးမှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဆုံးရှုံးမှုတန်ဖိုး အများဆုံးဖြစ်
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေး မီးလောင်နေမှုကို မတ် ၂၂ ရက်က တွေ့ရစဉ်