ဇူလိုင် ၁၅ ရက်တွင် စတင်ပြသခဲ့သည့် ‘ခိုးဆိုးလုနှိုက်’ ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ် ရုံပြည့်ရုံလျှံ အားပေးမှု များပြားလျက် ရှိသည်။ အခြေခံ လူတန်းစားများကြားမှ မိဘများ၏ ဆုံးမပဲ့ပြင်မှု အားနည်းခဲ့သည့် သားသမီးများ ကြီးပြင်းလာချိန်တွင် မကောင်းမှု ဒုစရိုက်များဖြင့် အသက်မွေးဝမ်း ကျောင်းခဲ့သည့် လူငယ်လေးဦး၏ ဘဝကို အခြေခံကာ လက်ဦးဆရာမိဘ၏ ဆုံးမပဲ့ပြင်မှုနှင့် ဘာသာတရား၏ အဆုံးအမ အရေးပါပုံကို ပုံဖော်ထားခြင်း ဖြစ်သည်။ ပရိသတ် အားပေးမှု များပြားလျက်ရှိသည့် ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) မှာ သရုပ်ဆောင် ဒွေး၏ တပည့်တစ်ဦးအဖြစ် အနုပညာ လောကအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအခါ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ဖန်တီးခဲ့ခြင်းဖြစ်ကာ ‘ခိုးဆိုးလုနှိုက် ၂’ ဇာတ်ကား အပါအဝင် ဇာတ်ကားများစွာအား ဆက်လက် ရိုက်ကူးလျက် ရှိပါသည်။ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကား ဖန်တီးခဲ့မှု အပါအဝင် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့ပါသည်။■ မေး - ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်တဲ့ ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားမှာ ဗုဒ္ဓတရားတော် တစ်ခုကို အခြေခံပြီး ရိုက်ဖြစ်တဲ့အကြောင်း အရင်ပြောပြပါဦး။ဖြေ - ဒါရိုက်တာအဖြစ် ဗီဒီယို သုံးလေးကားလောက် ရိုက်ပြီးလို့ ပထမဆုံး ရုပ်ရှင်ကားကြီး ရိုက်ဖို့စဉ်းစားတဲ့အခါ ကျွန်တော့်သမီးက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတက်တဲ့အခါ တရားအခွေလေး တစ်ခွေယူလာတယ်။ ဆရာတော် ဦးသောမရဲ့ တရားခွေပေါ့။ အဲဒါလေးကို နာယူကြည့်တဲ့အခါ ကလေးတစ်ယောက်ရဲ့ ဘဝက မိဘရဲ့ ဆုံးမပဲ့ပြင်မှုက အရေးကြီးတယ်ပေါ့။ ပြီးတော့ ကလေးက ကံတရားမှာ ဆိုးသွမ်းဖို့ အကြောင်းတရား ပါလာရင်တောင် ဗုဒ္ဓရဲ့ အဆုံးအမ အောက်မှာနေမယ်ဆိုရင် ပြုပြင်လို့ ရတယ်ဆိုတာလေး နာခွင့်ရတယ်။ အခုလူနေမှု ဘဝအရလည်း မိဘနှစ်ပါးလုံး အလုပ်လုပ်ကြတဲ့အခါ သားသမီးကို သေချာ စနစ်တကျ ဆုံးမဖို့ အားနည်းတာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ မကောင်းတဲ့ အလေ့အကျင့်ပေါ့။ မိဘကိုယ်တိုင်က သားသမီးရှေ့မှာ လုပ်ပြနေတဲ့အခါ သားသမီးတွေက အတုယူရင်း လိုက်လုပ်သွားတဲ့အတွက် အရေးကြီးတယ်ဆိုတဲ့ အကြောင်းအရာကို ဖန်တီးဖြစ်သွားတာ။■ မေး - ဒီဇာတ်လမ်းက အခြေခံ လူတန်းစားတွေရဲ့ဘ၀ သရုပ်မှန်ဖြစ်တဲ့အတွက် မဖန်တီးခင်မှာရော ဘယ်လို အားထုတ်ခဲ့ရလဲ။ဖြေ - ကျူးကျော်ရပ်ကွက်တွေ၊ ဆင်ခြေဖုံးတွေကို သွားပြီး လေ့လာတယ်။ သူတို့ဆီက တကယ့် စရိုက်အမှန်တွေ၊ အခြေအနေတွေကို လေ့လာပြီးတော့မှ အခုဇာတ်ကားထဲက ဇာတ်ကောင်တွေကို ဖန်တီးခဲ့တာပါ။ အဓိကတော့ အခြေခံ လူတန်းစားတွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေအဖြစ် မွေးဖွားခဲ့တာပါ။■ မေး- အစ်ကို့ရဲ့ ပထမဆုံး ဇာတ်ကားမှာ ထုတ်လုပ်သူရဲ့ ညှိနှိုင်းရတဲ့ အပိုင်း၊ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ အပြန်အလှန်ထားရတဲ့ နားလည်မှုတွေကို ဘယ်လို တည်ဆောက်ခဲ့ရလဲ။ဖြေ - ဒီဇာတ်ကားက စတည်တုန်းကတော့ မိုးထုတ်လုပ်ရေးအတွက် မဟုတ်ဘူး။ တခြား ထုတ်လုပ်ရေး တစ်ခုနဲ့ စကားပြောပြီး စီစဉ်ပြီးခါမှ သူတို့ဘက်က ကျွန်တော့် ဖုန်းတွေမကိုင်တော့ဘူး။ ဆိုတော့ ကျွန်တော်လည်း စိတ်ဓာတ်တော်တော်လေး ကျသွားတယ်။ အဲဒီအချိန်မှ ကျွန်တော်က မိုးဟေကိုနဲ့လည်း မိသားစုပုံစံ အလုပ်တွေ လုပ်ပေးနေတာဆိုတော့ ကျွန်တော့်ကို မိုးဟေက ဘာဖြစ်နေတာလဲ မေးတဲ့အခါ အကြောင်းစုံကို ပြောပြလိုက်တယ်။ ကျွန်တော် ရိုက်မယ့် ဇာတ်လမ်း ပြောပါဆိုတဲ့အခါ ဒီဇာတ်လမ်းကို မိုးဟေတို့ သားအမိကို ပြောပြတော့ မိုးဟေအမေက ဒီဇာတ်ကို ရိုက်ပါဆိုပြီး တစ်ခါတည်း ပြောတယ်။ အဲဒီမှာ မိုးဟေက ဦးဆာမိ လုပ်လိုက်ပါ။ ဒီဇာတ်ကားအတွက် လိုတာ ဖြည့်ဆည်းပါမယ် ဆိုပြီး ခွင့်ပြုပေးခဲ့တာပါ။ ရိုက်ဖို့အတွက် ကြိုက်တာ စီစဉ်ပါ၊ ဘာမှ ဝင်မစွက်ဖက်ဘူးဆိုပြီး ပြောလာခဲ့တာပါ။ ဇာတ်ကား ပြီးသွားတဲ့အခါ ထုတ်လုပ်ရေး တစ်ခုက ဝယ်ဖို့ကမ်းလှမ်းတယ်။ ဒါနဲ့မိုးဟေက ဘာလို့ ဒီလောက် လိုက်ဝယ်တာလဲ။ ကျွန်မ ကြည့်ကြည့်မယ်ဆိုပြီး ကြည့်လိုက်တဲ့အခါ မရောင်းတော့ဘူး။ သမီး ကုမ္ပဏီအတွက် Image လေး ဖြစ်သွားမယ်ဆိုပြီး အခုမိုးထုတ်လုပ်ရေး အနေနဲ့ပဲ တင်ဖြစ်တာပါ။ ဒုတိယမြောက် ဇာတ်ကားကိုလည်း နားလည်မှု အပြည့်နဲ့ ဆက်ပြီး လုပ်ဖြစ်ခဲ့ပါတယ်။■ မေး - သရုပ်ဆောင် တစ်ဦးချင်းစီကိုရော ဒီဇာတ်ကားမှာ ဘယ်လောက် အားရမှုရှိလဲ။ဖြေ - ဒီကားမှာ မြင့်မြတ်ကို ရွေးတဲ့အကြောင်းရင်းက သဘာဝကျတဲ့ သရုပ်ဆောင်ကို ရွေးတာလေ။ ထွန်းထွန်းဆိုလည်း ဒရာမာလေး တစ်ခုလုပ်ချင်လို့ ဒီထဲမှာ ထည့်ထားတယ်။ နေဒွေးဆိုလည်း သူငယ်ချင်းတွေပေါ် သံယောဇဉ်ရှိတဲ့ မျက်နှာအေးအေးမျိုး ရွေးခဲ့တာ။ ခိုးဆိုးလုနှိုက် လေးယောက်နဲ့ လိုက်တမ်းပြေးတမ်း ကစားမယ့် ရဲအရာရှိ နေရာဆိုလည်း မျက်နှာသစ်ထဲက ထွန်းကိုကိုကို တွေးမိတယ်။ ဒါကြောင့် သူ့ကိုရွေးလိုက်တာ။ ကိုခင်လှိုင်ဆိုလည်း ရယ်စရာ မဟုတ်တဲ့ ဇာတ်ရုပ်မျိုး။ အဲဒီလိုလေးတွေ သေချာရွေးပြီး လုပ်ခဲ့တာပါ။ မရိုက်ခင်မှာလည်း ဆုံကြတယ်။ တိုင်ပင်ကြတယ်။ Lighting ဘယ်လိုအချိန်မှာမှ ရိုက်ချင်တယ် ဆိုတာကအစ တိုင်ပင်ထားတယ်။ ပါဝင်တဲ့သူ အားလုံးကလည်း ကျွန်တော် ဖြစ်ချင်တာလေးဖြစ်အောင် ပံ့ပိုးပေးကြပါတယ်။ Teamwork အနေနဲ့ အလုပ် လုပ်ခဲ့ကြတာပါ။■ မေး - ဒီဇာတ်ကားထဲက ဒိုင်ယာလော့ခ်တွေနဲ့ ပတ်သက်လို့ နည်းနည်းလေး ကြမ်းတာလေးတွေလည်းပါတော့ ဘယ်လို စီစဉ်ဖြစ်ခဲ့တာလဲ။ဖြေ - ဒါက တကယ့်ရပ်ကွက်ထဲမှာ ပြောနေကြတဲ့ စကားတွေပဲပေါ့။ အဲဒီလိုဟာတွေပဲ ပြောစေချင်တယ်လို့လည်း သရုပ်ဆောင်တွေကို ညှိနှိုင်းရတယ်။ စကားလုံး ဈာန်သခင်သွေးဆိုတဲ့ လူငယ်လေးကိုလည်း ပူးပေါင်းပြီးတော့ စကားလုံးလေးတွေ သေချာ ဖန်တီးရတယ်။ ပရိသတ်တွေကတော့ အဲဒီလို စကားလုံးတွေကို သဘောကျကြပါတယ်။ တကယ့်အပြင်က အတိုင်းပြောကြ သရုပ်ဆောင်ကြတာလေ။■ မေး - ဒီဇာတ်ကားမှာ ကင်မရာ ဖန်တီးမှု အယူအဆတွေ တော်တော်ကောင်းတယ်နော်။ အဲဒီအပိုင်းကိုရော ဘယ်လိုဖန်တီးခဲ့လဲ။ဖြေ- အပြင်မှာ ဖြစ်နေတာက ဇာတ်ကားရိုက်မယ့် မနက်မှာ ကင်မရာမန်းနဲ့ ဒါရိုက်တာ တွေ့ခွင့်ရတာ။ ကျွန်တော် အခု သြဂုတ် ၁ ရက် ရိုက်မယ့် ဇာတ်ကားကို Director of Photography က အခုကတည်းက မြန်မာနိုင်ငံ ရောက်နေပြီ။ ဇာတ်ညွှန်း ဖတ်တယ်။ ဘယ် Scene ဘယ်လိုရိုက်မယ်။ ဘယ်သွားမယ် တိုင်ပင်တယ်။ Location ရှာမယ်။ အဲဒီကား ရိုက်တုန်းကလည်း ဒိုင်ယာလော့ခ် တစ်ကြောင်းချင်းကို ဖတ်ပြတယ်။ Location ရှာတယ်။ ဇာတ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ရမယ်။ မမြင်ဖူးသေးတဲ့ ပုံစံလည်း ဖြစ်ရမယ်။ Location ကို အတတ်နိုင်ဆုံး မမြင်ဖူးသေးတဲ့ နေရာမျိုးလေးတွေဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျူးကျော်ဆိုလည်း နေရာအစစ်မှာ ရှာပြီး ရိုက်ခဲ့တာပါ။ အခက်အခဲ ပေါင်းများစွာကို ကျော်ဖြတ်ပြီး ရိုက်ခဲ့ပါတယ်။■ မေး - ရုံတင်တဲ့အခါ ပရိသတ် အားပေးမှုများတဲ့အပေါ် ခံစားမှုလည်း ပြောပြပါဦး။ဖြေ- ကိုသားကြီး ပြောခဲ့တဲ့ စကားလေး ရှိပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကိုချစ်ပါ။ ဒီနေ့ လုပ်တဲ့အလုပ်ကို ဒီနေ့ အကျိုးအမြတ် မမျှော်ကိုးပါနဲ့။ သစ္စာရှိရှိ အလုပ်ကို လုပ်ခဲ့မယ်ဆိုရင် အကျိုးကျေးဇူးက တစ်နေ့မှာ အိမ်တံခါးကိုခေါက်ပြီး ရောက်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အဲဒီစကားကို အမြဲမှတ်သားထားပြီးပဲ ကြိုးစားခဲ့တာပါ။ အခု ကျွန်တော့် ကြိုးစား အားထုတ်မှုကို ကျွန်တော့်ဆရာ ကိုသားကြီးရဲ့ ပရိသတ်တွေက အသိအမှတ် ပြုပေးတယ်လို့လည်း ယုံကြည်ပါတယ်။









