ဇနီးဖြစ်သူဖောက်ပြန်သည့်ဗီဒီယိုဖိုင်ကို အင်တာနက်ညစ်ညမ်း Website တွင် တွေ့သည်ဟုဆိုကာ တစ်လင်တစ်မယားဥပဒေဖြင့် ခင်ပွန်းဖြစ်သူက အမှုဖွင့်

ဇနီးဖြစ်သူဖောက်ပြန်သည့်ဗီဒီယိုဖိုင်ကို အင်တာနက်ညစ်ညမ်း Website တွင် တွေ့သည်ဟုဆိုကာ တစ်လင်တစ်မယားဥပဒေဖြင့် ခင်ပွန်းဖြစ်သူက အမှုဖွင့်
Published 14 July 2016
သီဟအောင်

ဇနီးဖြစ်သူဖောက်ပြန်သည့် ဗီဒီယိုဖိုင်ကို အင်တာနက်ညစ်ညမ်း Website တွင် တွေ့သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူက တစ်လင် တစ်မယားဥပဒေဖြင့် တောင်ဒဂုံမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် နေထိုင်သည့် ဦး..... (၅၃)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်........(၅၃)နှစ်နှင့် လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်က တရားဝင် ပေါင်းသင်း လက်ထပ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ဦး......(၅၃)နှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုံခြုံရေးတာဝန်ဖြင့် မကြာခဏ ခရီးထွက်နေရသူဖြစ်ပြီး နေအိမ်သို့ သုံးလေးရက် တစ်ကြိမ်ခန့်မှ ပြန်လာကြောင်း  သိရသည်။ထို့နောက် မေ ၂၇ ရက်တွင် ဦး.......(၅၃)နှစ်မှာ နေအိမ်သို့ ပြန်ရောက်လာသည့် အချိန်တွင် ၎င်း၏သူငယ်ချင်းဖြစ်သူမှ ဦး....... ၏ ဇနီး ဒေါ်........(၅၃) နှစ်နှင့် အခြားအမျိုးသားတစ်ဦးတို့ ဖောက်ပြန်နေသည့် ဗီဒီယိုဖိုင်များကို အင်တာနက် ညစ်ညမ်း Website တွင်တွေ့ခဲ့ရကြောင်း ပြောသဖြင့် အဆိုပါ Website သို့ ဝင်ကြည့်ရာ ဇနီးဖြစ်သူနှင့် အခြားအမျိုးသားတစ်ဦးတို့ ဖောက်ပြန်နေသည့် ဗီဒီယိုဖိုင်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ရှိခဲ့ရသဖြင့် ဦး.....(၅၃)နှစ်က ၎င်း၏ဇနီးဖြစ်သူ ဒေါ်.......(၅၃)နှစ်အား ဒဂုံတောင်မြို့မရဲစခန်းသို့ ဇူလိုင် ၁၃ ရက်တွင် သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။“ဇူလိုင် ၁၃ ရက်မှာ အမှုလာဖွင့်ထားတာပါ။ လာတိုင်တဲ့ တရားလိုရဲ့ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ဒဂုံတောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်အား ဒဂုံတောင်မြို့မရဲစခန်းက (ပ)၁၃၂၂/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ  ၁၃ ဖြင့် အမှုဖွင့်ပြီး ဒေါ်.......အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။