ဘုရားကြီးမြို့ ဘောနတ်ကြီး မီနီတိုးဂိတ်တွင် သေနတ်နှစ်လက်နှင့် ကျည်ဆန်များ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ဘုရားကြီးမြို့ ဘောနတ်ကြီး မီနီတိုးဂိတ်တွင် သေနတ်နှစ်လက်နှင့် ကျည်ဆန်များ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
Published 10 July 2016
ဇော်ဝင်းချစ်

ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ဘောနတ်ကြီး မီနီတိုးဂိတ်တွင် ဇူလိုင် ၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က သေနတ်နှစ်လက်နှင့် ကျည်ဆန်များ သယ်ဆောင်လာသူကို ဖမ်းဆီးရမိပြီး ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ လက်နက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ဖမ်းဆီးမှု အခြေအနေနှင့်ပတ်သက်ပြီး ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဖမ်းမိတာဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ယာဉ်စစ်တာဝန် ထမ်းဆောင်နေရင်း ဖမ်းမိတာပါ။ ယာဉ်စစ်တာဝန် ထမ်းဆောင်နေရင်းနဲ့ မသင်္ကာလို့ ကားပေါ်မှာပါတဲ့ ပစ္စည်းတွေ စစ်ဆေးရင်းနဲ့ အဲဒါ တွေ့တာပါ။  ကြိုတင်သတင်းကြားလို့ မဟုတ်ပါဘူး။ ပုံမှန်တာဝန်ထမ်းဆောင်နေရင်း မိတာပါ”  ဟု ပြောကြားသည်။ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ရန်နောင်ဝင်းဦးစီး၍ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းလင်းအောင်နှင့်အဖွဲ့သည် ယာဉ်စစ်တာဝန် ထမ်းဆောင်နေစဉ် ဘောနတ်ကြီး မီနီတိုးဂိတ်တွင် ဘုရားကြီးဘက်မှ ဘောနက်ကြီးကျေးရွာဘက်သို့ အောင်လှိုင်ဦး (၃၈ နှစ်)၊ (ဘ) ဦးအောင်ကျော့၊ ရတနာဒီပလမ်း၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံမြို့နေသူမောင်းနှင်လာသည့် ွှToyota WISH အဖြူရောင်ယာဉ်အား မသင်္ကာသောကြောင့် စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သော စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ ခိုင်လုံစွာ ပြသနိုင်ခြင်းမရှိသဖြင့် ယာဉ်အား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့စစ်ဆေးရာတွင် ယာဉ်အတွင်းမှ ငွေစက္ကူရောရာ ကျပ် ၁၄ သိန်း၊ အရိုးအသွား ခြောက်လက်မခန့်ရှိ ခေါက်စတီးဓားတစ်လက်၊ 32151639 Star ပစ္စတိုတစ်လက်နှင့်အတူ ယင်းကျည်ဆန် ၃၃ တောင့်၊ ၁၂ ဘို့ ပြောင်းရှည် သေနတ်တစ်လက်နှင့် ယင်းကျည်ဆန် သုံးတောင့်အပါအဝင် အမျိုးအစားမသိရသေးသော အခြား ကျည်ဆန် ၂၈ တောင့်အား ယာဉ်အတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ သေနတ်နှင့်ကျည်ဆန်များ သယ်ဆောင်လာသည့် အောင်လှိုင်ဦးအား (ပ) ၁၄/၂၀၁၆ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)အရ အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent