မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုံညီ အစည်းအဝေးသို့ ‘ဝ’၊ မိုင်းလားနှင့် နာဂ အပါအဝင် လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီ အစုအဖွဲ့များကို ဖိတ်ကြားမည်

မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုံညီ အစည်းအဝေးသို့ ‘ဝ’၊ မိုင်းလားနှင့် နာဂ အပါအဝင် လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီ အစုအဖွဲ့များကို ဖိတ်ကြားမည်
Published 9 July 2016
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီ အစည်းအဝေးကို ယခု ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပရန် သတ်မှတ်ထားရာ စုံညီ အစည်းအဝေးသို့ ဝ၊ မိုင်းလားနှင့် နာဂတို့ အပါအဝင် လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီ အစုအဖွဲ့များကို ဖိတ်ကြားမည်ဖြစ်ကြောင်း အစည်းအဝေး ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) KNU မှ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုံညီ အစည်းအဝေးသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံသို့ တိုင်းရင်းသား အားလုံး ပါဝင်ကာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန် အတွက် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုတော့ အကုန်လုံး ဖိတ်တာပေါ့နော်။ နောက်ပြီးတော့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကိုလည်း ဖိတ်ဖို့ သဘောထား ရှိတယ်။ အစုအဖွဲ့ အလိုက်ပေါ့နော်။ တစ်ဖွဲ့ချင်းတော့ မဟုတ်ဘူး။ သဘောအားဖြင့် UNA တို့၊ NBF တို့ အဲဒါတွေကိုတော့ ဖိတ်ဖို့ သဘောထား ရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လူငယ် အစုအဖွဲ့တွေ၊ အမျိုးသမီး အစုအဖွဲ့တွေ အဲဒါပါပဲ။ အခြား တစ်သီးပုဂ္ဂလတွေကျတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကပဲ ဖိတ်ဖို့ ကျွန်တော်တို့ လျာထားတယ်” ဟု ပြောကြားသည်။တိုင်းရင်းသားပါတီ ၁၂ ပါတီဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးစိုင်းကျော်ညွန့်က “ကြားတာတော့ ကြားပါတယ်။ တရားဝင်တော့ မဆက်သွယ်သေးဘူး။ သူတို့က မနေ့ကမှ အစည်းအဝေး လုပ်တာ။ တက်ဖြစ်ဖို့က များပါတယ်။ ဒါပေမဲ့ အဲဒီ မိုင်ဂျာယန် လုပ်တဲ့ပွဲက အဓိကအားဖြင့် လက်နက်ကိုင် အဖွဲ့တွေ တွေ့ကြတာ။ အပစ်ရပ်ရော၊ အပစ်မရပ်ရောပေါ့။ ကျွန်တော်တို့ကို ဖိတ်ကြားတာက သွားလေ့လာရုံလား ဒါမှမဟုတ် စကားပြောခွင့်ပေးမှာလား ဘာလား မသိဘူးလေ။ ဘာပဲပြောပြော သူတို့တွေ ဆွေးနွေးတာကို လေ့လာခွင့်ရတယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သဘောထားတွေကို အတိုင်းအတာ တစ်ခုအထိ သိထားရတော့ ကောင်းတာပေါ့” ဟု ပြောကြားသည်။မိုင်ဂျာယန် အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်ကြားမည် ဖြစ်သော်လည်း ၀ နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် တက်ရောက်ရန် အခက်အခဲ ရှိမည်ဟု ပြောဆိုမှုအချို့ ရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားသည်။“ဒါပေမဲ့ ကျွန်တော်တို့ ဖိတ်မှာပေါ့။ သူကလည်း တိုင်းရင်းသားလူမျိုး တစ်မျိုး အနေနဲ့ တည်ရှိနေတာကိုး။ ကျွန်တော်တို့ ဖိတ်လည်း ဖိတ်မယ်။ သူတို့ကိုလည်း ဆွေးနွေး အသိပေးသွားမှာပေါ့။ ဒီမျက်နှာစုံညီ အစည်းအဝေး ရည်ရွယ်ချက်ကို ကျွန်တော်တို့ ဆွေးနွေး အသိပေးသွားမှာပါ” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။မိုင်ဂျာယန်တွင် ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးကို ZRO ဇိုမီးအဖွဲ့မှ တက်ရောက်လိုသည်ဟု အဆိုပြုမှု ရှိခဲ့သော်လည်း ၎င်းအဖွဲ့အား ဖိတ်ကြားရန်မှာ အခက်အခဲ ရှိသည်ဟု ၎င်းက ပြောကြားသည်။“လော်ခီးလာမှာ ကျွန်တော်တို့ သဘောထား ရှိခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဆိုတာက နိုင်ငံ တစ်နိုင်ငံတည်းမှာသာ နေပြီးတော့ မိမိ အခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ နှစ်နိုင်ငံကို ခွပြီးတော့ လုပ်တဲ့ အဖွဲ့အစည်းတွေကျတော့ ကျွန်တော်တို့ ပါဝင်ဖို့ ပါနိုင်ဖို့တော့ အခက်အခဲ ရှိတာပေါ့။ အဲဒီ သဘောထားအတိုင်း ဆိုရင်ပေါ့။ ဒါကြောင့်မို့ ဖိတ်နိုင်ဖို့တော့ အခက်အခဲ ရှိတယ်။ နာဂကတော့ တစ်ဖက်က ဒီမှာ အပစ်အခတ်ရပ်စဲရေးတော့ လုပ်နေတယ်။ ၂၁ ဖွဲ့ထဲမှာ သူကလည်း ပါတဲ့ သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ အသေးစိတ် ကျွန်တော်တို့ ပြန်ဆွေးနွေးရဦးမယ်။ သူကလည်း နှစ်နိုင်ငံ ခွပြီး လုပ်နေတာကိုး” ဟု ၎င်းက ဆိုသည်။မိုင်ဂျာယန် စုံညီ အစည်းအဝေး ကျင်းပရေး ကော်မတီ ဖွဲ့စည်းရန်နှင့် အစည်းအဝေး ကျင်းပမည့်ရက် သတ်မှတ်ရန်တို့နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်များသည် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံညှိနှိုင်းခဲ့ပြီး အစည်းအဝေး ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ဦးခူဦးရယ်၊ ဒုတိယ ဥက္ကဋ္ဌများမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KNU မှ ပဒိုစောကွယ်ထူးဝင်း၊ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KIO/KIA မှ ဗိုလ်ချုပ်ဂွမ်မော်တို့ ဖြစ်သည်။ ကျင်းပရေး ကော်မတီ အတွင်းရေးမှူးမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီး စိုင်းလ၊ တွဲဖက် အတွင်းရေးမှူးမှာ မွန်ပြည်သစ်ပါတီ (NMSP)မှ ဆရာနိုင်ရွှေသိန်းတို့ဖြစ်ကြောင်း သိရသည်။NCA လက်မှတ် ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ဖြစ်သည်။

Most Read

Most Recent