လားရှိုးမြို့တွင် လာရောက် တည်းခို နေထိုင်သူ တစ်ဦးထံမှ လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်း ရမိ

လားရှိုးမြို့တွင် လာရောက် တည်းခို နေထိုင်သူ တစ်ဦးထံမှ လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်း ရမိ
Published 6 July 2016
ထွန်းနေလှိုင်(နောင်ပိန်)

လားရှိုးမြို့ ရပ်ကွက်(၉) ဘူတာလမ်းပွင့် သီရိတည်းခိုခန်း အခန်းအမှတ် ၁၆ တွင် ဇူလိုင် ၆ ရက် နံနက်ပိုင်းက အဆိုပါ တည်းခိုခန်းသို့ လာရောက်တည်းခို နေထိုင်သူ တစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ဇူလိုင် ၆ ရက် နံနက်ပိုင်းတွင် ပွင့်သီရိ တည်းခိုခန်းတွင် တည်းခိုနေသူ တစ်ဦးထံမှ လက်ပစ်ဗုံးတွေ့ရှိကြောင်း သတင်းအရ လားရှိုးနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်နိုင်လင်း ဦးစီး အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်၍ အခန်းအမှတ် ၁၆ အား ဝင်ရောက် စစ်ဆေးခဲ့ရာ တည်ခိုနေထိုင်သူ ရဲနိုင်ထွန်း (၄၀ နှစ်) ကားဘော်ဒီလုပ်ငန်း အောင်မြေသာဇံမြို့နယ် မန္တလေးမြို့ နေထိုင်သူနှင့် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း (၂၅ နှစ်) ကျောက်ပုံရွာ နတ်မောက်မြို့နယ် မကွေးတိုင်းဒေသကြီးတို့တွင် နေထိုင်သူ နှစ်ဦးအား အသင့်တွေ့ရှိပြီး ၎င်းတို့အိပ်သည့် ကုတင်ခြေရင်းရှိ နက်ပြာရောင် ကျောပိုးအိတ် အတွင်းမှ ၉၁ အမျိုးအစား သံကိုယ်ထည် လက်ပစ်ဗုံးတစ်လုံး (စနက်တံမပါ) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲနိုင်ထွန်းအား လားရှိုးမြို့ နယ်မြေရဲစခန်းတွင် အသေးစိတ် စစ်ဆေးလျက်ရှိပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent