၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မန်းစည်ပင် နယ်နိမိတ် ခြောက်မြို့နယ် အတွင်းရှိ အစိုးရပိုင်မြေကွက်များ ပုဂ္ဂလိကသို့ ချထားပေးရာမှ ရသည့်ဝင်ငွေ ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော် ရရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မန်းစည်ပင် နယ်နိမိတ် ခြောက်မြို့နယ် အတွင်းရှိ အစိုးရပိုင်မြေကွက်များ ပုဂ္ဂလိကသို့ ချထားပေးရာမှ ရသည့်ဝင်ငွေ ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော် ရရှိ
Published 6 July 2016
မင်းမင်းစိုး

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မန်းစည်ပင် နယ်နိမိတ် ခြောက်မြို့နယ် အတွင်းရှိ အစိုးရပိုင် မြေကွက်များ ပုဂ္ဂလိကသို့ ချထားပေးရာမှ ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော် (၈၄၆၂.၁၂၀ သန်း) ရရှိခဲ့ကြောင်း သိရသည်။မြို့ပြမြေယာ စီမံခန့်ခွဲရေး ကော်မတီက သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ငွေသွင်းကာ ချပေးခဲ့ခြင်းဖြစ်ပြီး မြေကွက်များအား ချပေးရာတွင် မန်းစည်ပင် အနေဖြင့် စီမံခန့်ခွဲခွင့် မရှိဘဲ မြေရာဇဝင် စိစစ်ပေးခြင်းသာ ရှိကြောင်း၊ ၂၀၁၁ ခုနှစ် မတိုင်ခင်က ပေ ၄၀၊ ပေ ၆၀ တစ်ကွက်လျှင် ငွေသောင်းဂဏန်းသာ သွင်းရန် လိုအပ်ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ တစ်ပေလျှင် ၄၀၀၀ နှုန်း သတ်မှတ်လိုက်သောကြောင့် အဆိုပါ မြေတစ်ကွက်လျှင် ၉၆ သိန်းအထိ ရရှိခဲ့ခြင်းဖြစ်ပြီး အများပိုင်မြေ၊ ပလပ်မြေများအား လာရောက် လျှောက်ထားသူများမှာ အလွှာစုံမှ ပါဝင်ကြောင်း မန်းစည်ပင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။“မန္တလေးမြို့ကို တိုးချဲ့ဖို့အတွက် ၁၉၈၀ လောက်က စပြီး မြို့ပတ်ဝန်းကျင်က လယ်မြေတွေကို သိမ်းယူတာတွေ ရှိပါတယ်။ ကျောင်းဆောက်ဖို့၊ ဆေးရုံဆောက်ဖို့၊ စီမံကိန်းလုပ်ဖို့ လျာထားပြီး သိမ်းခဲ့ပေမယ့် တချို့ စီမံကိန်းတွေက မလုပ်ဖြစ်တော့ အဲဒီနေရာကို ကျုးကျော်တွေက ဝင်လာပြီး နေကြတယ်။ အဲဒီ နေရာကို လျှောက်ထားချင်တဲ့သူက ပထမ ကျုးကျော်တွေကို သူတို့ အစီအစဉ်နဲ့ သူတို့ ရှင်းရတယ်။ ပြီးရင် မူလ မြေသိမ်းခံရတဲ့ ပိုင်ရှင်ကို နစ်နာကြေး ပေးရတယ်။ မူလပိုင်ရှင်နဲ့ အရှုပ်အရှင်း မရှိမှ အဲဒီမြေလျှောက်တာကို အဆင့်ဆင့် ဆက်လက်စိစစ်ပြီး ချပေးတာ ဖြစ်ပါတယ်။ မြေကွက် အများစုက ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ကတည်းက ချထားပေးပြီးသားပါ။ အဲဒီ အချိန်မှာ ခွင့်ပြုလိုက်ရင် ဒီမြေကွက်တွေ ချထားပေးလို့ရတဲ့ ငွေက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထဲ ဝင်သွားမှာဖြစ်ပြီး အဲဒီငွေတွေကို ပြည်ထောင်စု အစိုးရကို အပ်ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နောင်တက်လာမယ့် အစိုးရ လက်ထက်မှာ အရံငွေ ရှိအောင်လို့ မြေကွက်တွေအတွက် ငွေသွင်းတာကို မတ် ၃၁ ရက်မှာ လုံး၀ အသွင်းမခံဘဲ မတ် ၃၁ ရက်ကျော်မှ အသွင်းခံပါတယ်။ လာမယ့် စက်တင်ဘာမှာ စည်ပင်က ဖြည့်စွက်ရန်ပုံငွေ ဆွဲပါမယ်။ အဲဒီမှာ ဒီမြေကွက် ချပေးလို့ ရတဲ့ ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်ကို မန္တလေးမြို့ စည်ပင်သာယာရေး အတွက် စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်” ဟု မန်းစည်ပင် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။အစိုးရ အကူးအပြောင်းကာလ ဖေဖော်ဝါရီ၊ မတ်လများတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံခန့်ခွဲခွင့်ရှိသော မြို့နယ်များထဲမှ ၉၉ ဦးအား မြေကွက်များ အလျင်အမြန် ချထားပေးမှုကို တွေ့ရှိရကြောင်း၊ ၎င်းမြေနေရာများသည် မြို့မြေယာ  စီမံခန့်ခွဲရေး ကော်မတီက မြေကွက်ချထားစဉ် ကျန်သော မြေကွက်များ၊ စီမံကိန်း တစ်ခုခု လုပ်ဆောင်ရန် အားကစားကွင်း၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ ကျန်းမာရေး ဦးစီးဌာနများ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် မြေကွက်များ ဖြစ်နေ၍ ပုဂ္ဂလိက တစ်ဦးတည်းပိုင် ချထားပေးခဲ့မှုအား ပြန်လည် စိစစ်ပေးရန် လိုအပ်ကြောင်း၊ အများပိုင် မြေများအား ပုဂ္ဂလိကသို့ ရုတ်တရက် ချထားပေးခြင်း၊ ဂရန် ထုတ်ပေးရာတွင် ကြာသင့်ချိန်ထက် မကြာဘဲ အမြန်ထုတ်ပေးထားခြင်း၊ မြေကို ကုန်ပစ္စည်း သဘောထားကာ ရောင်းဝယ်နေ၍ မြေဈေးအဆမတန် ကြီးလာခြင်းတို့မှာ မန္တလေးခြောက်မြို့နယ် သာမက အခြားမြို့နယ်များတွင်ပါ တွေ့နေရ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးသင့်သည်ဟု ယူဆကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး တာဝန်ယူထားသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးမြင့်အောင်မိုး တင်သွင်းခဲ့သည့် အစိုးရ အကူးအပြောင်း ကာလများအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ် အမည်များဖြင့် မြေနေရာ ချထားပေးမှုအား ပြန်လည် စိစစ်၍ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေး တိုက်တွန်းရေး အဆိုနှင့် စပ်လျဉ်း၍ မန္တလေးမြို့တော်ဝန်မှ ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ထူးခြား ဆောင်ရွက်ချက် အနေဖြင့် မန္တလေး ခြောက်မြို့နယ် အတွင်းရှိ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဥယာဉ်မြေများအား မြို့မြေအဖြစ် သက်မှတ်ရန်အတွက် ၈၉၂ ဒသမ ၀၈ ဧကအား ကွန်ပျူတာခေတ်မီ မြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာခြင်း၊ မြေပုံထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အထက်ပါ မြို့မြေသက်မှတ်ပြီး (အစိုးရမြေ)လူနေရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများ၏ ဂရန်လျှောက်ထားမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဂရန်ထုတ်ပေးနိူင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၅-၁၆ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်ပါ မှတ်တမ်းများအရ သိရသည်။