စစ်တွေမှ ပေါက်တောမြို့နယ် ဖဒူကျေးရွာသို့ ထွက်ခွာသည့် စက်လှေတစ်စင်း ဇူလိုင် ၅ ရက်က ကုလားတန် မြစ်အတွင်း မီးလောင် နစ်မြုပ်မှု ဖြစ်ပွားရာ စက်လှေပေါ်တွင် လိုက်ပါလာသူများမှ ကုန်ပစ္စည်းများ၊ ပုံးများကို ပစ်ချပြီး ခုန်ဆင်းခဲ့ရာ အနီးရှိ လှေတစ်စင်းမှ ကယ်တင်လိုက်သည့် အတွက် ငါးရက်သား ကလေးတစ်ဦး အပါအဝင် ခရီးသည်အားလုံး အသက်အန္တရာယ် ဖြစ်ပွားမှု မရှိကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်ပြီး စက်လှေတွင် ပါဝင်ခဲ့သူ ခရီးသည် ထွန်းလှဇံက “စက်လှေပဲ့ပိုင်းမှာ ဘာဖြစ်တယ် ဆိုတာတော့ မသိဘူး။ မီးတွေ လောင်လာတော့ စက်လှေပေါ်မှာ ပါလာတဲ့လူတွေ အားလုံး ခေါင်မိုးပေါ် တက်ကြတယ်။ လှေပေါ်မှာ အမျိုးသမီး လေးယောက်ပါတယ်။ ကျန်တာက ယောက်ျားတွေပါ။ အားလုံးက ၁၂၊ ၁၃ လောက် ရှိမယ်။ စက်လှေပေါ်မှာ ပါလာတဲ့ ဘူးတွေ၊ ပုစွန်ပုံးတွေကို ရေထဲ ပစ်ချလိုက်ကြတယ်။ ပြီးမှ ရေထဲ ခုန်ချကြတယ်။ အဲဒီအချိန်မှာ နောက်ထပ်စက် လှေတစ်စင်းက ဆယ်ယူလိုက်တဲ့ အတွက် အသေအပျောက်တော့ မရှိခဲ့ပါဘူး” ဟု ပြောကြားသည်။
အဆိုပါ စက်လှေသည် စစ်တွေမြို့ မိဇံရပ်ကွက် ဆိပ်ကမ်းတွင် ဆိုက်ကပ်နေသည်မှာ သုံးလေးရက် ရှိနေပြီး ရာသီဥတု အဆင်ပြေသည်ဟု ယူဆကာ ဖဒူကျေးရွာသို့ နံနက် ၁၀ နာရီကျော်လောက်တွင် ကုန်စည်များနှင့် ခရီးသည်များကို တင်ဆောင်ကာ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး စက်လှေ၏ နောက်ဘက်ပိုင်း ထမင်းချက်သည့် နေရာဘက်မှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ခရီးသည်များထံမှ သိရှိရသည်။
“ကလေး တစ်ယောက်ပါတယ်။ အဲဒီမှာ ကလေးကို ဖခင်ကကိုင်ပြီး ရေထဲ ခုန်ချလိုက်တယ်။ ပြီးတော့ ပုစွန်ပုံး အဖုံးတစ်ခုကို ဖက်ပြီး မျောနေလိုက်တယ်။ အဲဒီမှာ စစ်တွေက နောက်ထပ် လှေတစ်စင်းက ကယ်လိုက်တဲ့ အတွက် အသက် မသေခဲ့တာပါ။ မဟုတ်ရင် ကလေးက ရေကူးတတ်တာ မဟုတ်သေးဘူး။ ကလေးက ငါးရက် သားကလေးပဲ ရှိသေးတယ်” ဟု အသက်ရှင် လွတ်မြောက်လာခဲ့သူ ဦးစံရွှေမြင့်က ပြောကြားသည်။ အဆိုပါ စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်ပြီး စက်လှေ ပိုင်ရှင်ဖြစ်သူ ဦးထွန်းဇံအား စုံစမ်း စစ်ဆေး မေးမြန်းသွားမည် ဖြစ်ကြောင်းနှင့် အမှုဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းရိုးတန်းသွား စက်လှေများတွင် အသက်ကယ် အင်္ကျီများ ထားရှိရန် ယခင် အစိုးရမှ ပြောဆိုမှုများ ရှိခဲ့သော်လည်း ခရီးသည်တင် စက်လှေများတွင် အသက်ကယ် အင်္ကျီများ ထားရှိရေးအတွက်လည်း လုပ်ဆောင်သင့်ကြောင်း ဒေသခံများက သုံးသပ်မှုများ ရှိသည်။
စစ်တွေမှ ပေါက်တောမြို့နယ် ဖဒူကျေးရွာသို့ ထွက်ခွာသည့် စက်လှေတစ်စင်း ကုလားတန် မြစ်အတွင်း မီးလောင်နစ်မြုပ်မှု ဖြစ်ပွားပြီး ငါးရက်သား ကလေးတစ်ဦး အပါအဝင် ခရီးသည်အားလုံး အသက်ရှင်









