သာကေတမြို့နယ် ရန်ပြေ ၁၈ လမ်း (အနောက်) ရှိ တိုက်ခန်းတစ်ခန်းတွင် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိ

သာကေတမြို့နယ် ရန်ပြေ ၁၈ လမ်း (အနောက်) ရှိ တိုက်ခန်းတစ်ခန်းတွင် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိ
Published 5 July 2016
သီဟ၊ နေမျိုး

သာကေတမြို့နယ် ရန်ပြေ ၁၈ လမ်း (အနောက်) ရှိ တိုက်ခန်းတစ်ခန်းအတွင်း အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် အသတ်ခံရသည့် ဖြစ်စဉ်မှ ကျုးလွန်သူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဇူလိုင် ၅ ရက်တွင် စုံစမ်း သိရှိရသည်။ကျူးလွန်သူမှာ အခင်းဖြစ်နေအိမ်နှင့် ကပ်လျက်ဆောက်လက်စ တိုက်တွင် နေထိုင်သော အလုပ်သမား အေးချမ်းအောင် (၁၉ နှစ်) ဆိုသူ ဖြစ်ပြီး အခင်းဖြစ်နေ့ နံနက်ပိုင်းက ဆောက်လက်စတိုက်၏ ပြတင်းပေါက်မှတစ်ဆင့် တွယ်တက်၍ သေဆုံးသူ ဒေါ်.... နေထိုင်သော အခန်း၏ အနောက်ဘက် ဝရန်တာသို့ သွားရောက်ကာ တံမြက်စည်း ငှားရမ်းစဉ် စကားများခဲ့ကြောင်း၊ ယင်းသို့ စကားများခဲ့သည်ကို မကျေနပ်သဖြင့် အေးချမ်းအောင်က မွန်းလွဲ ၂ နာရီခန့်တွင် ဒေါ်.... ၏ နေအိမ် တိုက်ခန်းအတွင်းသို့ ထပ်မံသွားရောက်ကာ ဒေါ် .... ၏ မီးဖိုခန်းအတွင်းမှ ဓားဖြင့် ခုတ်ခဲ့ပြီး ဒေါ်.... ၏ ရွှေလက်စွပ် တစ်ကွင်းနှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ဇူလိုင် ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်၊ ရန်ပြေ ၁၈ လမ်း အနောက်တွင် နေထိုင်သည့် မောင်..... (၁၈)နှစ်သည် သူငယ်ချင်းနေအိမ်သို့ သွားရောက်လည်ပတ်နေသည့် အချိန်တွင် ၎င်းအစ်ကို၏ ဇနီးဖြစ်သူမှ ဖုန်းဆက်၍ မောင်.....(၁၈)နှစ်၏ မိခင်ဖြစ်သူမှာ နေအိမ်တွင် အသည်းအသန် ဖြစ်နေသည်ဟု သိရသဖြင့် နေအိမ်သို့ ပြန်လည်သွားရောက်ခဲ့ကြောင်း သိရသည်။နေအိမ်သို့ ရောက်ရှိချိန်တွင် ဦးလေးဖြစ် သူက မောင်......(၁၈)အား ခေါ်ပြီး “မင်း ခဏနေဦး ပြီးမှသွားကြည့်” ဟု ပြောဆိုသဖြင့် ခဏ နေထိုင်ခဲ့ကြောင်း၊ ထို့နောက် သွားရောက် ကြည့်ရှုရာ မိခင်ဖြစ်သူမှာ နေအိမ်ရှေ့ခန်းတွင် ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သွေးအိုင်အတွင်း လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထို့နောက် မောင်......(၁၈)နှစ်က အဆိုပါ ဖြစ်စဉ်အား သာကေတ မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းက (ပ)၆၁၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။“မနေ့ညက ရဲတွေရဲ့ စစ်ဆေးချက်အရ မသင်္ကာသူ အချို့ကို ခေါ်စစ်ပါတယ်။ အဲဒီထဲက ကျူးလွန်သူ ကောင်လေးကို စစ်လိုက်တော့ သူက ဝန်ခံပြီး သူကျူးလွန်ခဲ့တဲ့ ပုံစံတွေ လက်တွေ့လာပြတာကို တွေ့ရတယ်။ သူကျူးလွန်စဉ်က အသုံးပြုတယ်ဆိုတဲ့ ဓားကို တိုက်နောက်ဘက်က ရေကန်ထဲ ပစ်ချထားတယ်ဆိုလို့ တာဝန်ရှိသူတွေက ရှာတာ စတီးဓား အပြားတစ်ချောင်းကိုလည်း ဆယ်ယူ ရရှိတာ တွေ့ရပါတယ်” ဟု အဆိုပါ အခင်းဖြစ်ပွားသည့် တိုက်ခန်းအနီးတွင် နေထိုင်သူ တစ်ဦးက The Daily Eleven သတင်းစာသို့ ဇူလိုင် ၅ ရက် ညနေပိုင်းက ပြောကြားသည်။

Most Read

Most Recent