သာကေတမြို့နယ်ရှိ (၅)ထပ်တိုက် တစ်တိုက်၏ တိုက်ခန်းတစ်ခန်းအတွင်း အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ဇူလိုင် ၄ ရက်က ယင်းရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃) ရန်ပြေရပ်ကွက်၊ ၁၈ လမ်း (အနောက်) မှ ငါးထပ်တိုက် တစ်တိုက်၏ အပေါ်ဆုံးအထပ် (လယ်) တွင် ဒဏ်ရာများဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို ၎င်း၏ ဆွေမျိုးဖြစ်သူက စတင်တွေ့ရှိခဲ့ကာ သက်ဆိုင်ရာသို့ အကြောင်းကြားရာမှ စတင်သိရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့သိရတော့ ညနေ ၆ နာရီ ဝန်းကျင်လောက် သိရတာ။ တာဝန်ရှိသူတွေလည်း ရောက်နေပြီ။ သေဆုံးသူအမျိုးသမီးရဲ့ ဆွေမျိုးတစ်ဦးက ရဲစခန်းကို အကြောင်းကြားတယ်လို့ သိရတယ်။ ရပ်ကွက်တာဝန်ရှိသူတွေ နဲ့ အတူသွားကြတော့ အမျိုးသမီးက သွေးအိုင်ထဲမှာ ပက်လက်အနေအထားနဲ့၊ ဒဏ်ရာတွေနဲ့ လဲနေတာ တွေ့ရတယ်။ နောက်တာဝန်ရှိသူတွေက အလောင်းကို သယ်သွားတယ်” ဟု အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
အသတ်ခံရသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးမှာ ၎င်းနေထိုင်သည့် တိုက်ခန်းအတွင်း ပက်လက်အနေအထားဖြင့် ဦးခေါင်း၊ ဂုတ်ပိုး စသည့်နေရာများတွင် ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
“အင်းစိန်စီအိုင်ဒီက ရဲအရာရှိတစ်ဦး ပြောတာကြားလိုက်တယ်။ ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာတွေ အများကြီးလို့ပြောတယ်။ သူတို့ စစ်ဆေးပြီး အပေါ်ကဆင်းလာတော့ လက်ဆေးနေတာ သွေးတွေအများကြီးပဲ။ တိုက်က ဆောက်ပြီးတာ သိပ်မကြာသေးဘူး။ သေဆုံးသူ အမျိုးသမီးနေတာတောင် လပိုင်းပဲရှိဦးမယ် ထင်တယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က မနက်သုံးနာရီလောက်မှာ ဦးတို့တိုက်နောက်ဖေး သူခိုးကပ်တယ်။ ခွေးဟောင်သံကြားတော့ ဦးကထကြည့်ပြီး သူခိုးအော်တော့ လူတစ်ယောက် နောက်ဖေးကနေ ထွက်ပြေးသွားတယ်။ တိုက်ခန်းနောက်ဖေးက လှေခါးတွေကလဲ အသစ်တွေဆိုတော့ တက်ရဆင်းရလွယ်တယ်။ ဦးတို့သိရသလောက်တော့ အခုသေဆုံးသူတို့ မိသားစုက ပတ်ဝန်းကျင်မှာ အေးပါတယ်” ဟု အဆိုပါတိုက်ခန်းအနီးတွင် နေထိုင်သူများက ပြောကြားသည်။
သာကေတမြို့နယ် ရန်ပြေ ၁၈ လမ်း(အနောက်) ရှိ တိုက်ခန်း တစ်ခန်းအတွင်း အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရ