ကချင်နိုင်ငံရေးပါတီ တစ်ပါတီတည်း ဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီ တစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ကချင် ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။ဦးအောင်ခမ်းက “ကျွန်တော်ကတော့ အမြန်ဆုံး ပေါင်းနိုင်ဖို့တော့ ကြိုးစားနေတာပဲ။ ၂၀၁၇ လောက်မှာ ပေါင်းပြီးတော့ ၂၀၁၈ လောက်မှာ ပါတီတစ်ခုတည်း အနေနဲ့ သွားနိုင်ရင်တော့ အများကြီး အကျိုးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကာယကံရှင် ပါတီတွေ အပေါ်မှာလည်း မူတည်ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ အင်အားကောင်းတဲ့ ကချင်အမျိုးသား ပါတီတစ်ခု ဖြစ်လာလိမ့်မယ်။ စုစုစည်းစည်းနဲ့ အကုန်လုံး ပါဝင်နိုင်တဲ့ ပါတီတစ်ခု ဖြစ်လာလိမ့်မယ်။ လူထုအတွက် ပိုလုပ်နိုင်တဲ့ ပါတီတစ်ခု ဖြစ်လာလိမ့်မယ်” ဟု ပြောကြားသည်။သို့မှသာ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ လွှတ်တော် ကိုယ်စားလှယ် နေရာများ ပိုမို ရရှိ၍ ဒေသနှင့် အမျိုးသားရေး သာမက နိုင်ငံတော် အတွက်ပါ ပိုမို လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခမ်းက ဆိုသည်။ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့က ဦးစီး၍ ကချင်အမျိုးသား ပါတီများ ပေါင်းစည်းရေး ဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့သည်။အဆိုပါပွဲတွင် ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ ဦးအောင်ခမ်းက “အဓိက,ကတော့ ဒီပေါင်းစည်းရေး။ ပါတီတစ်ခုတည်း ဖြစ်ဖို့ ကချင်အတိုင်ပင်ခံ အဖွဲ့ကနေ ကမကထ လုပ်ပြီးမှ ဖိတ်ကြားခြင်း ဖြစ်ပါတယ်။ တက်ရောက်တဲ့ပါတီ အသီးသီးရဲ့ သဘောထားတွေကို မေးပါတယ်။ ကချင်ဒီမိုကရက်တစ်ပါတီ အနေနဲ့ ပေါင်းစည်းရေးကို လိုလားတဲ့အလျောက် ဘယ်အချိန်မဆို ပူးပေါင်းဖို့ အဆင်သင့် ဖြစ်တယ်ဆိုတဲ့ဟာ ပြောပြပါတယ်။ KSDP လည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ လီဆူပါတီကတော့ မိခင် အဖွဲ့အစည်းကို ပြန်တင်ပြမယ်။ ဒါပြီးမှပဲ လီဆူ ညီလာခံလုပ်ပြီး ဆုံးဖြတ်ပါမယ် ဆိုတဲ့ ဟာမျိုးလောက်ပဲ ဆွေးနွေးဖြစ်တာပါ” ဟု ရှင်းပြသည်။“လူထုဘက်က အတိုင်ပင်ခံ အဖွဲ့ကလည်း သူတို့ရဲ့ အမြင်တွေကို ပြောပြတာပေါ့။ စည်းစည်းလုံးလုံးနဲ့ တစ်ပါတီဖြစ်ဖို့ပေါ့။ ၂၀၂၀ အတွက်တော့ ပြင်ဆင်ရမယ်။ ပါတီ တစ်ခုတည်းဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အင်အားရှိတဲ့ပါတီ ဖြစ်လာလိမ့်မယ်။ အဲဒီဟာမှ ၂၀၂၀ ရွေးကောက်ပွဲကို အောင်နိုင်မယ်။ အမျိုးသား အကျိုးစီးပွားကို လုပ်နိုင်မယ် ဆိုတဲ့ဟာကို ဆွေးနွေးပါတယ်” ဟု ၎င်းက ဆိုသည်။ထို့ပြင် ပါတီ တစ်ခုတည်းဖြစ်ရေးသည် ပါတီအသီးသီးအပေါ် မူတည်ပြီး ၎င်းပါတီများ၏ မူဝါဒများကို ပြန်လည်တင်ပြ ဆွေးနွေး၍ ဘုံသဘောတူညီမှုဖြင့် ပေါင်းစည်းနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခမ်းက ပြောကြားသည်။ကချင်ပါတီ တစ်ပါတီတည်း ဖြစ်ရေးအတွက် ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် (KNCD)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (LNUDP)တို့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး သုံးဦးစီ ပါဝင်သည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို ဇွန် ၂၄ ရက်က ဖွဲ့စည်းခဲ့သည်။
ကချင် တစ်ပါတီတည်း ဖြစ်ရေး ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ရန်နှင့် အင်အားကောင်းသော ကချင်ပါတီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း KDP ပါတီဥက္ကဋ္ဌ ပြောကြား















