ကိုပါအမေရိက ဗိုလ်လုပွဲ ပယ်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားကို (၂)နှစ်ဆက် အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ချီလီ

ကိုပါအမေရိက ဗိုလ်လုပွဲ ပယ်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားကို (၂)နှစ်ဆက် အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ချီလီ
Published 27 June 2016

ရာပြည့်ကိုပါအမေရိက ဗိုလ်လုပွဲကို အာဂျင်တီးနားနဲ့ ချီလီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ပွဲချိန်အတွင်း (ဝ-၀)ဂိုး သရေ၊ အချိန်ပိုမှာ ဂိုးထပ်မသွင်းနိုင်ဘဲ ပယ်နယ်တီ အဆုံးအဖြတ်မှာ ချီလီအသင်း (၄-၂)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

 

အာဂျင်တီးနားအသင်းဟာ မက်ဆီ၊ ဟီဂွါအင်၊ ဒီမာရီယာ၊ မာရှေရာနို၊ ဘာနီဂါ၊ ဘစ်ဂလီယာတို့နဲ့ ပွဲထွက်လာသလို၊ ချီလီအသင်းကလည်း ဗားဂတ်စ်၊ အလက်ဆစ်ဆန်းချက်ဇ်၊ ဖူအန်ဇာလီဒါ၊ ဗီဒယ်လ်၊ အရန်ဂွက်ဇ်၊ ဒီယက်ဇ်တို့ကို ပွဲထွက်လာပြီး နှစ်သင်းစလုံး ၄-၃-၃ ကစားကွက် ခင်းကျင်းခဲ့ပါတယ်။

 

ပထမပိုင်း (၂၈)မိနစ်မှာ ချီလီကွင်းလယ်လူ ဒီယက်ဇ် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို၊ (၄၃)မိနစ်မှာ အာဂျင်တီးနား နောက်ခံလူ ရိုဟို တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းနဲ့ အချိန်ပိုမှာ နှစ်သင်းစလုံး (၁၀)ယောက်နဲ့ ကစားခဲ့ရပါတယ်။

 

အာဂျင်တီးနားအသင်းဟာ ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အားနည်းခဲ့ပြီး မိနစ်(၁၂၀)အတွင်းမှာ ဂိုးပေါက်တည့်မှု (၃)ကြိမ်သာ ရှိခဲ့ပါတယ်။

 

ပုံမှန်ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့သလို၊ အချိန်ပိုမှာလည်း ဂိုးထပ်မသွင်းနိုင်တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အာဂျင်တီးနားအသင်းဘက်က မက်ဆီ၊ ဘစ်ဂလီယာတို့ လွဲချော်ခဲ့ပြီး ချီလီအသင်းဘက်က ဗီဒယ်လ် တစ်ဦးသာ လွဲချော်ခဲ့တာကြောင့် (၄-၂)ဂိုးနဲ့ ချီလီအသင်း အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

 

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲ နောက်ဆုံး(၅)ကြိမ်မှာ ဗိုလ်လုပွဲကို (၄)ကြိမ်အထိ ရောက်ခဲ့ပေမယ့် တစ်ကြိမ်မှ ဗိုလ်မစွဲခဲ့ဘဲ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကိုပါအမေရိက ဗိုလ်လုပွဲမှာလည်း ချီလီအသင်းနဲ့ ပွဲချိန်မိနစ်(၁၂၀)အတွင်း ဂိုးမရှိ သရေကျခဲ့ပြီး ပယ်နယ်တီမှာ ရှုံးနိမ့်ခဲ့သလို၊ ဒီတစ်ကြိမ်မှာလည်း ရှုံးကြွေး မဆပ်နိုင်ဘဲ တစ်ပုံစံတည်း ထပ်မံအရှုံးပေးခဲ့ရပါတယ်။

 

■ ပွဲရလဒ်

 

အာဂျင်တီးနား ဝ-၀ ချီလီ

 

(ပယ်နယ်တီတွင် ၄-၂ ဂိုးဖြင့် ချီလီ ဗိုလ်လ်စွဲ)