တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း အနီးရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) မှ ဖွင့်လှစ်ထားသည့် ဂိတ်မှာ တရားမဝင်ဂိတ် ဖြစ်သည့်အတွက် အမြန်ဆုံး ပိတ်သိမ်း ဖယ်ရှားပေးရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇွန် ၂၃ ရက် နေ့စွဲဖြင့် စာပို့အကြောင်းကြားခဲ့ရာ ယင်းနှင့် ပတ်သက်၍ ပြဿနာ မဖြစ်စေရန် ထိန်းသိမ်း ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တွင် တင်ပြရန် ပြောထားသည်ဟု KNU စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဇွန် ၂၅ ရက်တွင် ပြောကြားသည်။အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် KNU တပ်မဟာ (၄) မှ ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ ပါဝင်သည့် တနင်္သာရီတိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက မြိတ်မြို့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ အဆိုပါကော်မတီ အဖွဲ့ဝင်များ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲများ မဖြစ်ပွားရေး၊ ပြဿနာများ ဖြစ်ပွားပါက ဖြေရှင်းနိုင်ရေး၊ နယ်မြေ သတ်မှတ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရမည့် လုပ်ငန်းတာဝန်များ ရှိနေသည်။မြန်မာ-ထိုင်း နယ်စပ် ထီးခီးကုန်သွယ်ရေးစခန်း အနီးရှိ KNU ဂိတ် ဖယ်ရှားခိုင်းခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တို့အကြား အကြမ်းနည်းဖြင့် ဖြေရှင်းခြင်းမျိုး မဖြစ်နိုင်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယ ဥက္ကဋ္ဌ (၁) လည်း ဖြစ်သူ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဆိုသည်။ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက “ဘာမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ NCA မှာ အကြမ်းနည်းနဲ့ မဖြေရှင်းဘူး ဆိုတာ ရှိပြီးသားပါ။ သူတို့ အဲဒါကို နားလည်မယ် ဆိုရင် ဘာမှဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဘက်ကတော့ ဒါကို ထိန်းသိမ်းထားတာပဲလေ။ ကျွန်တော်တို့ဘက်က စဖို့ဆိုတာ မရှိပါဘူး။ အဲဒီဟာက JMC တိုင်းဒေသကြီး အဆင့်မှာပဲ ဆွေးနွေးပါ” ဟု ပြောကြားသည်။JMC-U အဖွဲ့ဝင် အစိုးရ ကိုယ်စားလှယ် ဒေါက်တာမင်းဇော်ဦးက “ကျွန်တော်တို့ ပုံမှန် အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် ပထမ JMC ရဲ့ လုပ်ထုံးလုပ်နည်းအရ ပြည်နယ်မှာ ပြေလည်အောင်ရှင်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်နယ်မှာကျတော့ နှစ်ဖက်က တပ်မှူးတွေ၊ နှစ်ဖက်က တာဝန်ရှိသူတွေရောက နီးနီးစပ်စပ် ထိတွေ့ ဆက်ဆံကြတဲ့ နေရာလည်း ဖြစ်တယ်လေ။ တစ်ယောက်အကြောင်းလည်း တစ်ယောက် ပိုသိတယ်။ ရင်းနှီးမှုတွေလည်း ပိုရှိတယ် ဆိုတော့ ပြဿနာကို ဘယ်လို အဖြေရှာနိုင်မလဲ ဆိုတာ သူတို့ ရှာလို့ လွယ်တယ်ပေါ့။ အကယ်၍ သူတို့ဘက်မှာ ရှင်းလို့ မရဘူး ဆိုရင်တော့ JMC-U က ရှင်းပေးရတာပေါ့။ ကျွန်တော်တို့ကတော့ တင်းမာမှု ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် စောင့်ကြည့်ပါတယ်။ JMC-U အနေနဲ့ကတော့။ နှစ်ဖက်က လူတွေကိုလည်း အပြေလည်ဆုံးဖြစ်အောင် လုပ်နိုင်ဖို့အတွက် တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအနီးရှိ KNU ဂိတ်သည် ထိုင်းနိုင်ငံသို့ ဝင်ထွက် သွားလာနေသူများနှင့် မော်တော်ယာဉ်များအား အခွန်ကောက်ခံခြင်းများ ပြုလုပ်နေပြီး ကောက်ခံရရှိသည့် အခွန်ငွေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ထောက်ပံ့နေကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်က ပြောကြားထားသည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် NCA လက်မှတ် ရေးထိုးခဲ့ရာ ထိုသို့ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တပ်မတော်နှင့် KNU လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု များစွာ လျော့နည်းခဲ့ကြောင်း၊ လက်မှတ် ရေးထိုးပြီးချိန်မှ လက်ရှိ ဇွန်လအထိ တပ်မတော်နှင့် KNU တို့အကြား ထိတွေ့ပစ်ခတ်မှု တစ်ကြိမ် အပါအဝင် အသေးစား ထိတွေ့ပစ်ခတ်မှု သုံးကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း JMC-U တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း အနီး KNU မှ ဖွင့်လှစ်ထားသည့် ဂိတ်အား တိုင်းဒေသကြီး အစိုးရက ဖယ်ရှားပေးရန် အကြောင်းကြားမှုနှင့် ပတ်သက်၍ ပြဿနာ မဖြစ်စေရန် ထိန်းသိမ်း ဆောင်ရွက်နေဟု KNU စစ်ထောက်ချုပ် ပြောကြား