ပြည်ဝင်ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၂ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် အဆိုပါလူများကို ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား အေးဂျင့်သုံးဦးအား လူမှောင်ခိုမှုဖြင့် မလေးရှားနိုင်ငံ ဆီပန်း တရားရုံးက ထောင်ဒဏ် လေးနှစ်စီ ပြစ်ဒဏ်ချ

ပြည်ဝင်ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၂ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် အဆိုပါလူများကို ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား အေးဂျင့်သုံးဦးအား လူမှောင်ခိုမှုဖြင့် မလေးရှားနိုင်ငံ ဆီပန်း တရားရုံးက ထောင်ဒဏ် လေးနှစ်စီ ပြစ်ဒဏ်ချ
Published 23 June 2016
ဖြိုးဝေ

ပြည်ဝင်ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၂ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် အဆိုပါလူများကို မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား အေးဂျင့်သုံးဦးအား လူမှောင်ခိုမှုဖြင့် မလေးရှားနိုင်ငံတွင် ထောင်ဒဏ်လေးနှစ်စီ ချမှတ်ခဲ့ကြောင်း  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏  ဇွန် ၂၂  ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ လေဆိပ်တွင် မြန်မာနိုင်ငံသား ၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဆိုပါ ၇၂ ဦးအနက်  ပြည်ဝင်ဗီဇာအတု ကိုင်ဆောင်သူ အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၆ ဦးကို ကွာလာလမ်ပူ မြို့ရှိ ဆီပန်းတရားရုံးက ၂၀၁၄ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ထောင်ဒဏ် တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကာ ပြစ်ဒဏ်ချမှတ်ခြင်း မခံရသူ ၂၀ အား ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ထောင်ဒဏ် တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့် မြန်မာနိုင်ငံသား ၅၂ ဦးနှင့် ပတ်သက်၍ မြန်မာသံရုံးက မလေးရှားနိုင်ငံခြားရေးဝန်ကြီးသို့  Consular Access တောင်းခံ၍ ၂၀၁၄ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ကာဂျန်းအကျဉ်းထောင်၌ သွားရောက်တွေ့ဆုံခဲ့ပြီး ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ ရှေ့နေ Mr.Bernard Francis ကို အကျိုးဆောင်ခ ရင်းဂစ် ၄၁၀၀၀ ဖြင့် ငှားရမ်းပြီး ပြစ်ဒဏ် ကျခံနေရသူများအား ထပ်မံသွားရောက် တွေ့ဆုံကာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဆီပန်းတရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုကို Sha Alam တရားရုံးက အယူခံလွှာ တင်သွင်းမှုအား လက်ခံကြားနာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အယူခံအား ကြားနာခဲ့ပြီးနောက် တရားရုံးသို့ ရောက်ရှိလာသည့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၃၂ ဦးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက် မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိသာ ပြစ်ဒဏ်ချမှတ်၍ ကျန်ပြစ်ဒဏ်များအား ပယ်ဖျက်ခဲ့ကာ အဆိုပါ ၅၂ ဦးမှ ၄၅ ဦးကို မလေးရှားနိုင်ငံရောက် လူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
 
အဆိုပါ ဖြစ်စဉ်မှ ကျန်ရှိသည့် မြန်မာနိုင်ငံသား ခုနစ်ဦးမှာ မလေးရှားအစိုးရက အေးဂျင့်သုံးဦးအား တရားစွဲဆိုရာတွင် သက်သေအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ အေးဂျင့်သုံးဦးအား မလေးရှားအစိုးရက တရားစွဲဆိုမှုများ ပြုလုပ်ပြီးနောက် ၂၀၁၆ ခုနှစ် ဇွန် ၂၀ ရက်တွင် မြန်မာနိုင်ငံသားအေးဂျင့်များဖြစ်သည့် ဦးမြင့်စိုး၊ ဒေါ်စုမြတ်နန္ဒာဝင်းနှင့် ဒေါ်အိသူဇာဦးတို့ အား ဆီပန်းတရားရုံးမှ ထောင်ဒဏ်လေးနှစ် စီချမှတ်ခဲ့ကြောင်း အေးဂျင့်များနှင့် မြန်မာနိုင်ငံသားများ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်ဟု  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက  ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။   

Most Read

Most Recent