လုပ်ငန်းခွင်အာမခံချက် ပျောက်ဆုံးနေ၍ ထိုင်သပိတ်ဆန္ဒပြသော်လည်း ထူးခြားမှုမရှိသဖြင့် ပန်ဒါ (ပလိပ်) အထည်စက်ရုံအလုပ်သမားများ မြို့တွင်းသို့ လှည့်လည်ဆန္ဒပြ

လုပ်ငန်းခွင်အာမခံချက် ပျောက်ဆုံးနေ၍ ထိုင်သပိတ်ဆန္ဒပြသော်လည်း ထူးခြားမှုမရှိသဖြင့် ပန်ဒါ (ပလိပ်) အထည်စက်ရုံအလုပ်သမားများ မြို့တွင်းသို့ လှည့်လည်ဆန္ဒပြ
Published 21 June 2016
အောင်သူ၊ ရန်ပိုင်

လုပ်ငန်းခွင်အာမခံချက် ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမားများသည် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုသော်လည်း ထူးခြားမှုမရှိသဖြင့် ဇွန် ၂၁ ရက် နံနက်ပိုင်းက မြို့တွင်းသို့ လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။
 
ပန်ဒါစက်ရုံမှ အလုပ်သမားများသည် ဇွန် ၃ ရက်မှ စတင်၍ စက်ရုံဝင်ပေါက်တွင် သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်မှာ ၁၉ ရက်မြောက်သည်အထိ ပန်ဒါစက်ရုံနှင့် သက်ဆိုင်ရာဌာနများက ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပလိပ်-တံတားဦးလမ်းအတိုင်း မြို့တွင်းသို့ အလုပ်သမားအင်အား ၆၀၀ ခန့်ဖြင့် လှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
 
“ပထမတော့ အခုလို လမ်းပေါ်တက်ပြီး ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်မရှိပါဘူး။ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုတာ ၁၉ ရက်မြောက်ပေမယ့် ဘာမှမထူးခြားလို့ လမ်းပေါ်ထွက်ရတာပါ။ ဒီအလုပ်သမားကိစ္စနဲ့ လွှတ်တော်လမ်းကြောင်းကနေ သွားတာလည်း ရှိတယ်။ လောလောဆယ် ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မေတ္တာရပ်ခံထားတာရှိတော့ အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ စောင့်ကြည့်သွားမယ်။ တကယ်လို့ ဘာမှထူးခြားမှုမရှိဘဲ အရင်အစိုးရလိုပဲ လုပ်လာမယ်ဆိုရင် ကျွန်တော်တို့ အပြောင်းအလဲတစ်ခု လုပ်ပြီး ဆက်လက် တောင်းဆိုသွားမှာပါ”ဟု အခြေခံအလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှုဆောင် ဦးလှကိုက ပြောကြားသည်။
 
ဆန္ဒထုတ်ဖော်သည့် အလုပ်သမားများအနက် အချို့မှာ အစိုးရမှ ကုမ္ပဏီသို့ လွှဲပြောင်းစဉ်ကာလက ပင်စင်နစ်နာကြေးများ ရယူထားသူများ ဖြစ်သည်ဟု စုံစမ်းသိရှိရပြီး ယခင်အစိုးရလက်ထက် စက်မှု (၁) ဝန်ကြီးဌာနမှ ပန်ဒါကုမ္ပဏီအား နှစ် ၃၀ ငှားရမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
 
အလုပ်သမားများ ဆန္ဒထုတ်ဖော်သော သပိတ်စခန်းတွင် လူဦးရေ ၆၀၀ ကျော်ရှိပြီး ယင်းကဲ့သို့ ပင်မဂိတ် (၁) စက်ရုံ ဝင်ထွက်ပေါက်အား ပိတ်၍ ဆန္ဒထုတ်ဖော်မှုကြောင့် ပန်ဒါစက်ရုံဘက်မှ အလုပ်သမား ၁၁ ဦးကို ပိတ်ဆို့မှုဖြင့် တရားစွဲဆိုထားရှိကြောင်း၊ ကုမ္ပဏီပိုင်ရှင်ကိုလည်း အလုပ်ရှင်-အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ဖောက်ဖျက်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ စဉ့်ကိုင်မြို့နယ် တရားရုံးတွင် ဇွန် ၉ ရက်က တရားစွဲဆိုထားကြောင်း သိရသည်။
 

Most Read

Most Recent