လက်ရှိ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်
Published 16 June 2016
ဆန်းထူးအောင်

လက်ရှိဘဏ္ဍာနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေမည် ဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန်ခဲ့သည်။
 
ထုတ်ပြန်ချက်တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်း အပါအဝင် ကြံ့ခိုင်သော ဝန်ဆောင်မှုကဏ္ဍတို့၏ ကျောထောက်နောက်ခံပြုမှုဖြင့် မြန်မာနိုင်ငံသည် အာရှတွင် အမြန်ဆုံးနှုန်းဖြင့် ကြီးထွားနေသော စီးပွားရေးများအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် ပျက်စီးဆုံးရှုံးမှု များပြားသော ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ၇ ဒသမ ၄ ရာခိုင်နှုန်းသို့ နှေးကွေးကျဆင်းခဲ့ပြီး ၂၀၁၇ မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုသည် အသင့်အတင့် ပမာဏသာ ရှိမည်ဖြစ်သော်လည်း ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားနေမည်ဖြစ်ကြောင်း၊ စာရင်းရှင်လိုငွေသည် ၂၀၁၅ ခုနှစ်တွင် ဂျီဒီပီ၏ ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၈ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းသွားကြောင်း သိရသည်။
 
ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ ဂျီဒီပီ၊ ငွေကြေးဖောင်းပွမှုနှင့် စာရင်းရှင်လိုငွေများ နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။
 
“အရှိန်အဟုန်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်ဖန်တီးမှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုက အရေးပါပါတယ်။ စီးပွားရေး တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဘဏ္ဍာရေး အရင်အမြစ်များကိုသာမက အသိပညာနှင့် နည်းပညာများ လွှဲပြောင်းခြင်းများကိုပါ တိုးတက်စေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် စီးပွားရေးလုပ်ဆောင်သည့် ဝန်းကျင်အခြေအနေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Takehiko Nakao က ပြောကြားသည်။
 
အာရှဖွံ့ဖြိုးရေးဘဏ်သည် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုများကို ပံ့ပိုးပေးရန်အတွက် နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ခြင်း ဗျူ ဟာသစ် (၂၀၁၇-၂၀၂၁) ဖြင့် အစိုးရနှင့် လက်တွဲ လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းဗျူဟာသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးအစီအစဉ်များနှင့် နီးစပ်ကိုက်ညီမှုရှိပြီး အခြားဖွံ့ဖြိုးရေးလုပ်ဆောင်ဘက် အဖွဲ့များနှင့် ညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။